Sunday, October 19, 2014

ဗေဒင်၊လက္ခဏာ...အမြဲယုံသင့်သလား...

လိုတာထက်မပိုဖို့.....
 
ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တို့၏ လက္ခဏာဟု ဘုရားရှင်ကိုယ်တော်တိုင် (အင်္ဂုတ္တရပါဠိတော်-တတိယ-စာမျက်နှာ ၁၈၁) တွင်ဟောကြားတော်မှုခဲ့ပါသည်။ 
ဗုဒ္ဓဘာသာဝင်တို့ ရရှိတည်ဆောက်အပ်သောသမ္မာဒိဋ္ဌိ ငါးမျိုးရှိရာတွင် ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် အခြေခံ ပထမ အဆင့် ဖြစ်ပါသည်။ ယင်းအခြေခံ သမ္မာဒိဋ္ဌိအဆင့်တွင်မှ မတည်လျှင် အထက်အဆင့် သမ္မာဒိဋ္ဌိလေးမျိုးကို ရရှိဖို့ရာ မဖြစ်နိုင်ပါ။ ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်းဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ တည်တော့မည် မဟုတ်ပါ။ ကံ၊ ကံ၏ အကျိုးကို မယုံကြည်လျှင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပါ။ ဗေဒင်နှင့် ပတ်သက်၍ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ ၏ အောက်ပါဩဝါဒတော်ကို လေးနက်စွဲမြဲစွာ မှတ်သားအပ်လှပါ၏ ။

"ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော်ခုနစ်ယောက်လည်း တစ်ချိန်တည်း မွေးဖွားကြတယ်။ ဖွားဖက်တော်တို့၏ ဇာတာခွင်နှင့် သိဒ္ဓတ္ထမင်းသား၏ ဇာတာခွင်သည် အတူတူပဲ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လျှင် ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ်။ အခုတော့ သတ္တဝါတွေ ဖြစ်ကြရတာက ဗေဒင်၏ ဇာတာခွင်အတိုင်းမဟုတ်၊ ကံကြမ္မာအတိုင်းသာ ဖြစ်ကြရသောကြောင့် သိဒ္ဓတ္ထမင်းသားကဘုရားဖြစ်၊ ကာဠုဒါယီတို့က ရဟန္တာ ဖြစ်ကြရတယ်မဟုတ်လား"

"မှန်ပါ့ ဘုရား"

"အဲဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး၊ ရက်ရာဇာ၊ ရှမ်းရက်၊ တာနောရက်၊ ဝါရမိတ္ထူ၊ ကမ္ဘာပျက်ရက်တို့သည် ပညတ်တွေဟုမှတ်၊ ကောင်းကျိုးဆိုးကျိုး မပေးနိုင်။ ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာ မဟုတ်ဘူးကွဲ့။ ပညတ်စွဲကွာအောင် ခွါရတာပဲကွဲ့ မောင်စိန်ရဲ့"

"မှန်ပါ့ ဘုရား"
buddhismbeams.com မှကူးယူဖေါ်ပြပါသည်။

ကထိန်သင်္ဃန်းအကြောင်း....

ကထိန်င်္သဃန်းအကြောင်းသိကောင်းစရာ...
 
 
ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ အလှူရေစက်လက်နှင့်မကွာ
 လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။
 ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။ 

ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ” များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။
၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ၊)
၂။ ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။
၃။ လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )
၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။ (ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။
၅။ အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။)
၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။
      ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။ ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ ) ၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။ တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ ) ၃။ လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။ ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏) ၄။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။ မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊ ( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။ ၅။ သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။ ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။ ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။ လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။ 
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။ မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။ မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။
၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။ မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။ မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ  ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း
 ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။


ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ) ဆောက်လုပ်လှူဒါန်းအပ်သော
 ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။

ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။
ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။ ၀ါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က  “ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက  “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊ ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။
ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ 
“ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”  
ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။
၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊ မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။ ၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။ ၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။ ၄။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက် လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။ ၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။
                                           အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
buddhismbeams.com မှကူးယူဖေါ်ပြပါသည်...

Thursday, May 29, 2014

ဝါတွင်းကာလ အိမ်ပြောင်းခြင်း အိမ်ရွှေ့ခြင်းများ မလုပ်ကောင်းဘူးလား....


 

ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို
 တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။
ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေးတာတို့၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီးမှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။ ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်းဆိုတာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောကဓာတ် ဆရာတွေရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာတို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုခေတ်စားလာတာတွေဟာ ဘုရားဟောမှာပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ မလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာ မရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာက အားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေ သိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။ အဲဒီသုတ်တော်မှာ ဘုရားရှင်က

“ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်”

လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ၊ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော်မှာ ဘုရားရှင်က

“ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏”

လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့လည်း ညီညွတ်လှတဲ့အတွက် ကောင်းတဲ့အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟောနဲ့ မညီသလို၊ ကိုယ့်ရဲ့ ကံတရားတွေကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်းဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုးကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်းကသာ ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ်အလေးထားရမှာက မိမိတို့ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာဖြစ်ကာ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်းဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်းတဲ့ အလုပ်များကို လုပ်နေတဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အလွဲပြ၍ အမှန်မျှလိုက်ရပါတယ်။ ( မနာပ ဒါယီ အရှင်ဝိစိတ္တ )

buddhismbeams.com မှကူးယူဖေါ်ပြပါသည်။

Monday, April 21, 2014

ရဟန္တာများ ပရိနိဗ္ဗာန်စံသောအခါ ဓာတ်တော်များ ကြွင်းကျန်ခဲ့ပါသလား......



ဓာတုဟူသော ပါဠိကို ‘ဓာတ်’ ဟု အလွယ်ပင် ဘာသာပြန်လိုက်သည်။ အရိုးဓာတ်၊ သွေးဓာတ်၊ အသားဓာတ်တို့သည်ဘုရားရှင်၏ အမွေအနှစ်များဖြစ်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်၏ ယင်းအသားဓာတ်၊ အသွေးဓာတ်၊ အရိုးဓာတ်တို့ကို ‘ဓာတ်တော်’ ဟူ၍ ခေါ်ပါသည်။
ဓာတ်တော်မွေတော်ဟူ၍လည်း နှစ်မျိုးခွဲ၍ ခေါ်ဝေါ်ကြပါသေးသည်၊ ဓာတ်တော်နှင့် မွေတော်မှာ ဝေါဟာရသာ ကွဲပြားသော်လည်း အဓိပ္ပာယ်သဘောမှာ အတူတူပင်ဖြစ်ပါသည်။
မှန်ပါသည်၊ ဘုရားရှင်၏ ဓာတ်တော်တို့သည် နောင်လာနောက်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆည်းကပ်ပါက အကျိုးတရားများစွာ ဖြစ်ထွန်းရန် ရည်သန်၍ အဓိဋ္ဌာန်ကာ ထားတော်မူ ပေးတော်မူခဲ့သော အမွေအနှစ်များဖြစ်၍ ဓာတ်တော်ကိုပင် မွေတော် ‘အမွေတော်’ ဟု ခေါ်ကာ ‘ဓာတ်တော် မွေတော်’ ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။
‘ဓာတ်တော် မွေတော်’ ဟူသည် ‘မိမွေ ဖမွေ’ ဟူသကဲ့သို့ အမှန်စင်စစ် ကိုးကွယ်ဆက်ခံအပ်သော ဝတ္ထု၏အမည် ဖြစ်ပါသည်။
ယင်းကို အချို့က ဘုရားရှင်၏ ကိုယ်တော်မှ ဖြစ်သည်ကို ‘မွေတော်’ ဟု ဆိုလို၍ ရဟန္တာ အရှင်မြတ်တို့မှ ဖြစ်သည်ကိုကား ‘ဓာတ်တော်’ ဟု ဆိုလိုကြပါသည်။
အမှန်စင်စစ် ယင်းသို့ခွဲ၍ ဆိုရန်မသင့်ပါ။ ဓာတု သဒ္ဒါမှာ ဓာတ်ဟောဖြစ်ရကား ‘ဓာတ်တော်’ ဟု ခေါ်သင့်ပါသည်။ ယင်းဓာတ်တော်ကိုပင် နောင်လာနောင်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆက်ခံအပ်သော အမွေအနှစ်ဖြစ်၍ ‘မွေတော်’ ဟု ဆိုရကား ‘ဓာတ်တော်’ နှင့် ‘မွေတော်’ မှာ အတူတူပင် ဖြစ်ပါသည်။



*ဓာတ်တော်များကွန့်မြူးခြင်း*
~~~~~~~~~~~~~~~
တစ်ခါက မိလိန္ဒမင်းကြီးသည်ရှင်နာဂသေန ရဟန္တာအရှင်မြတ်အား စေတီတော်များ တန်ခိုးပြာဋိဟာပြခြင်းနှင့် ပတ်သက်၍ ဤသို့ မေးမြန်းလျှောက်ထားပါသည်။
“အရှင်ဘုရား၊ နာဂသေန… ပရိနိဗ္ဗာန် ဝင်စံကြွသွားကြသော ဘုရား ရဟန္တာများတို့၏ စေတီတော်တိုင်း၌ တန်ခိုးပြာဋိဟာပြပါသလား၊ သို့မဟုတ် အချို့သော စေတီတော်တို့သာလျှင် တန်ခိုးပြာဋိဟာပြပါသလော”
“ဒကာတော်မင်းမြတ်၊ အချို့သော စေတီတော်တို့သာလျှင် တန်ခိုးပြာဋိဟာ ပြကြပါသည်။ အချို့သော စေတီတော်တို့ကား တန်ခိုးပြာဋိဟာ မပြကြပေ”
“အရှင်ဘုရား၊ အဘယ်စေတီတော်တို့က တန်ခိုးပြာဋိဟာပြ၍ အဘယ်စေတီတော်တို့က တန်ခိုးပြာဋိဟာ မပြပါသလဲ”
“ဒကာတော်မင်းမြတ် ဘုရား၊ ရဟန္တာ၊ နတ်၊ သဒ္ဒါပသန္န ပညာရှိတို့၏ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်တို့သည် တန်ခိုးပြာဋိဟာပြကြပါသည်”
“ဒကာတော်မင်းမြတ် ဘုရား ပစ္စေကဗုဒ္ဓါရဟန္တာအရှင်မြတ်တို့၏ လူနတ်ဗြဟ္မာ သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် သက်တော်ထင်ရှားရှိစဉ်ကပင် ‘ငါ၏ ဓာတ်တော် မွေတော်များ စံပယ်ကိန်းဝပ်ရာ စေတီတော်၌ ဤသို့သော တန်ခိုးပြာဋိဟာများ ပြပါစေသတည်း’ ဟု အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်များ ဓာတ်တော်များ တန်ခိုးပြာဋိဟာ ပြပါသည်”
“ဒကာတော်မင်းမြတ်၊ နောက်တစ်မျိုးကား နတ်ဗြဟ္မာတို့သည် လူသားတို့အား အစဉ်သနား စောင့်ရှောက်ချီးမြှောက်ခြင်းငှာ ပရိနိဗ္ဗာန် စံလွန်တော်မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့၏ စေတီတော်၌ ဤတန်ခိုးပြာဋိဟာကြောင့် သူတော်ကောင်းတရား အမြဲတမ်း အချီးအမြှောက်ခံဖြစ်လတ္တံ၊ လူတို့သည်လည်းး ကြည်ညိုကြ၍ ကုသိုလ်တရား တိုးပွားကြကုန်လတ္တံ့ဟု နှလုံးသွင်း၍ တန်ခိုးပြာဋိဟာ ပြကုန်၏။ ဤသို့ နတ်ဗြဟ္မာတို့ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်များ၊ ဓာတ်တော်များ တန်ခိုးပြပါသည်”
“ဒကာတော်မင်းမြတ်၊ နောက်တစ်မျိုးကား သာသနာတော် ကြည်ညိုသော ပညာရှိသော လိမ္မာသော ကျွမ်းကျင်သော အသိအမြင်ရှိသော ယောက်ျား၊ မိန်းမ တစ်ဦးဦးသည်လည်း ကောင်းသောနှလုံးသွင်း ကြံစည်ရင်းဖြင့် နံ့သာပန်း သင်္ကန်းစသည် အမှတ်မထား၊ တစ်ပါးပါးသော လှူဖွယ်ပစ္စည်းကို ရိုသေစွာလှူဒါန်း၍ ‘ဤသို့သော တန်ခိုးပြာဋိဟာများ ပြပါစေသတည်း’ ဟု သစ္စာနှုတ်မြွက် အဓိဋ္ဌာန်ချက်ကြောင့် စေတီတော် ဓာတ်တော်များ တန်ခိုးပြာဋိဟာ ပြပါသည်။ ဤသို့ လူတို့၏ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော် ဓာတ်တော်တို့သည် တန်ခိုးပြဋိဟာ ပြကုန်၏”
“ဒကာတော်မင်းမြတ်၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်များ နတ်ဗြဟ္မာများ လူပညာရှိများအားဖြင့် သုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် တစ်မျိုးမျိုးကြောင့် ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်များ တည်ရာ စံပယ်တော်မူရာ စေတီတော်မြတ်၌ တန်ခိုးပြာဋိဟာ ပြကြပါသည်၊ ဓာတ်တော်များ ကွန့်မြူးတော်မူကြပါသည်။

*ဓာတ်တော်များအကြောင်း*
~~~~~~~~~~~~~~
သက်တော်ရှည် မြတ်စွာဘုရားများ၏ သရီရဓာတ်တော်သည် ဖရိုဖရဲ တစ်ဆူစီမကွဲဘဲ ရွှေခဲရွှေတုံးကြီးပမာ တစ်ခုတည်းသာ ကြွင်းကျန်ရစ်ကုန်၏။ ယခု အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွက်ထား မြတ်စွာဘုရားသည်ကား သက်တော်တိုတောင်းသော မြတ်စွာဘုရား ဖြစ်တော်မူသည့်အတွက် ပရိနိဗ္ဗာန် စံတော်မမူမီကပင်-
“ငါဘုရားသည် မကြာမြင့်မီပင် ပရိနိဗ္ဗာန် စံရမည်ဖြစ်သည်။ ငါဘုရား၏ သာသနာသည် အလုံးစုံသော အရပ်မျက်နှာသို့ မပျံ့နှံ့သေးချေ။ သို့ဖြစ်၍ ငါဘုရားပင် ပရိနိဗ္ဗာန် စံယူလင့်ကစား ငါဘုရား၏ မုံညင်းစေ့ခန့်မျှသော ဓာတ်တော်ကိုပင်လည်း ပင့်ဆောင်ကြကာ မိမိတို့၏နေရာ၌ စေတီတော် တည်ထား၍ လူများအပေါင်းတို့သည် နတ်ရာသုဂတိသို့ လားရောက်ကြစေသတည်း”
ဟု ရည်ရွယ်တော်မူကာ သရီရဓာတ်တော်များ အဆူဆူကွဲပြားရန် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ဤသို့-
၁။ အစိတ်စိတ်မကွဲပြားသော အဝိပ္ပကိဏ္ဏဓာတ်တော်၊
၂။ အစိတ်စိတ်အဆူဆူ ကွဲပြားသော ဝိပ္ပကိဏ္ဏဓာတ်တော် ဟူ၍ ဓာတ်တော်နှစ်မျိုး ပြားလေသည်။ ထိုဓာတ်တော်နှစ်မျိုးတို့တွင်-
၁။ စွယ်တော်လေးဆူ၊
၂။ ညှပ်ရိုးတော်နှစ်ဆူ၊
၃။ နဖူးသင်းကျစ်တော်ဓာတ်တစ်ဆူ၊
အားဖြင့် ဤခုနစ်ဆူသော ဓာတ်တော်တို့မှာ သက်တော်ရှိစဉ် မူလပုံသွင်အတိုင်း အစိတ်စိတ်မကွဲပြားဘဲ တည်ရှိရစ်သည့် ‘အဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်ပေသည်။
ထိုမှကြွင်းသော အရိုးတော်စသည်မှ ဖြစ်ပွားသော ဓာတ်တော်များမှာ အစိတ်စိတ်အဆူဆူ ကွဲပြားသည့် ‘ဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်လေသည်။ ထိုဓာတ်တော်တို့အနက်-
အငယ်ဆုံးဓာတ်တော်များမှာ မုံညင်းစေ့ခန့် ပမာဏရှိ၍ မြတ်လေးပန်းငုံအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ခြောက်ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အလတ်စားဓာတ်တော်များမှာ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အကြီးစား ဓာတ်တော်များမှာ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။

*မင်းများငိုကြွေး*
~~~~~~~~~
အဇာတသတ်မင်း အမှူးရှိသည့် ရှစ်ပြည်ထောင်သော မင်းတို့သည် ဓာတ်တော်များ တည်ရှိရာ ရွှေတံတင်းအနီးသို့ လာရောက်ကြ၍ ရွှေတံတင်း၌သာမလှုပ်မယှက် ပကတိတည်နေသော ရွှေရောင်အဆင်းရှိသည့် ဓာတ်တော်များကို ဖူးမျှော်ကြလေလျှင်-
“သဗ္ဗညုထွက်တင် ရှင်ပင်မြတ်ဘုရား၊ ရှေးအခါကဆိုလျှင် တပည့်တော်များသည် ရှင်ပင်မြတ်ဘုရားတို့၏ မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါးတို့ဖြင့် တန်ဆာဆင်အပ်လျက် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်တောက်ပသော ရွှေရောင်အဆင်း ဝါဝင်းသောကိုယ်တော်မြတ်ကို ဖူးမျှော်ကြရပါသည်။
ယခုသော်ကား ရွှေရောင်အဆင်း ဝါဝင်းသောသရီရဓာတ်တော်များသာ ကြွင်းကျန်ပါတော့သည်။ မြတ်စွာဘုရား ဤသို့ဖြစ်ရခြင်းသည် အရှင်ဘုရားတို့အဖို့ရာ မသင့်လျော်လှပါဘုရား”
ဟု ပြောဆို ငိုကြွေးကြလေကုန်၏။

*အဓိဋ္ဌာန်ကြောင်း*
~~~~~~~~~~
မြတ်စွာဘုရားရှင်တို့၏ ဓာတ်တော်များ တစ်ဆူတည်းဖြစ်ရခြင်း၊ အစိတ်စိတ် ဖြစ်ရခြင်းတို့မှာ အသက်တော် အတိုအရှည်နှင့် အဓိဋ္ဌာန်ချက်တို့ကြောင့် ဖြစ်ရပါသည်။
ယင်းသို့ဖြင့် ဘုရားရှင်တို့၏ ဓာတ်တော်တို့ကိုမည်သို့မည်ပုံ အတိအကျ ဖော်ပြထားချက်မရှိပါ။ သုတ္တနိပါတ် အဋ္ဌကထာ ခဂ္ဂဝိသာဏသုတ်အဖွင့်၌ ‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ’ အစရှိသော ဂါထာဖွင့်၌ကား-
ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်သည် နိရောဓသမာပတ်မှ ထသည်ရှိသော် ထိုနတ်ဗြဟ္မာတို့ ပြောဆိုသောအသံကိုကြား၍ မိမိလည်း အသက်ကုန်ခြင်းကို တွေ့မြင်၍ ဟိမဝန္တာတောဝယ် မဟာပဝါတမည်သော တောင်၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပရိနိဗ္ဗာန်စံရာ အရပ်သည်ရှိ၏။
ထိုအရပ်သို့ ကောင်းကင်ခရီးဖြင့် ကြွသွား၍ မိမိတို့ရောက်ရာမှ ရှေး၌ ပရိနိဗ္ဗာန် ပြုတော်မူသွားသော ပစ္စေကဗုဒ္ဓါ အရိုးပုံကို ကမ်းပါးပြတ်၌ ပစ်ချထားတော်မူပြီး၍ ကျောက်ပြားအပြင်၌ထိုင်၍ ဤ ‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ’ အစရှိသော ဥဒါန်းဂါထာကို ရွတ်ဆိုတော်မူ၏။
ဟူ၍ ဖွင့်ပြတော်မူခဲ့ပါသည်။ ယင်းအဖွင့်ကို ထောက်သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန် စံတော်မူသောအခါ ဓာတ်တော်အကြွင်းမဲ့ အရိုးစုသာ ကြွင်းကျန်သည်ဟု သိသာပါသည်။
ယင်းသို့ အရိုးစုသာ ကြွင်းကျန်ခြင်းမှာလည်း ဓာတ်တော်ကြွင်းကျန်အောင် အဓိဋ္ဌာန်မှု မပြုသောကြောင့်ဟု မှန်းဆ၍ သိသာနိုင်ပါသည်။
အဘယ့်ကြောင့် ဓာတ်တော်ကြွင်းကျန်အောင် အဓိဋ္ဌာန်ချက် မပြုပါသနည်း။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ပွင့်တော်မူသည့် အချိန်အခါ၌ တစ်ဆူတည်းသာမဟုတ်ပါ။ အဆူများစွာ ပွင့်ပါသည်။ ယင်းသည် အကြောင်းတစ်ချက် ဖြစ်ပါသည်။
“ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်းပြီးသော် ဘုရားရှင်တို့ ပွင့်ရိုးစဉ်လာ ဓမ္မတာဖြစ်ရကား ပစ္စေကဗုဒ္ဓါခေတ်ကုန်ပြီ ဖြစ်၍ ဓာတ်တော်များ အံ့ဖွယ်အနေ ကြွင်းကျန်ရန် မလိုတော့ပေဟု မှန်းဆနိုင်ပါသည်”
ဤသို့ဆိုသော် အများဖြစ်၍ အံ့ဖွယ်မဟုတ်ရကား ဓာတ်တော်မကြွင်းစေ၊ ခေတ်ကုန်၍ ဗုဒ္ဓခေတ်ရောက်တော့မှာမို့ အံ့ဖွယ်မဟုတ်ရကား ဓာတ်တော် မကြွင်းစေ၊ အရိုးစုသာ ကြွင်းစေသည်ဟု မှန်းဆနိုင်ပါသည်။ အကယ်၍ ဓာတ်တော်ကြွင်းအောင် အဓိဋ္ဌာန်လျှင်လည်း ကြွင်းနိုင်မည်ထင်ပါသည်။

*ရဟန္တာဓာတ်တော်*
~~~~~~~~~~~
ယင်းသို့ဖြင့် ဓာတ်တော်အကြောင်းမှာ သိကောင်းစရာတစ်ခု ဖြစ်ပါသည်။ မိမိတို့ ကိုးကွယ်နေသော အမြတ်တစ်ခုဖြစ်၍လည်း သိရန်အထူးလိုပါသည်။ အထူးသဖြင့် ရဟန္တာအတုတွေပေါသော ယခုလိုခေတ်တွင် ဓာတ်တော်အကြောင်း ပို၍သိသင့်ပါသည်။ သိသင့်၍ မိမိကို ဒကာတစ်ယောက်က မေးပါသည်။
“အရှင်ဘုရား၊ ရဟန္တာဓာတ်တော်ဟာ ဘုရားဓာတ်တော်လိုပဲလားဘုရား”
“ဒကာကြီးက ဘုရားရှင်ဓာတ်တော်တော့ အတိအကျ သိထားပြီးပေါ့နော်”
“မှန်ပါဘုရား” “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဓာတ်တော်တို့ကိုဘယ်လို ပုံသဏ္ဌာန်ရှိသည်၊ ဘယ်လို အရွယ်ပမာဏရှိသည်၊ ဘယ်လို အဆင်းရှိသည်ဟုအတိအကျ ဖော်ပြချက်မရှိသလို ရဟန္တာ အရှင်မြတ်များ၏ ဓာတ်တော်များလည်း ထိနည်းတူလိုပင် ဖြစ်ပါသည် ဒကာကြီး”
“မှန်ပါဘုရား” “ရဟန္တာအရှင်မြတ်တို့တွင် အဂ္ဂသာဝက၊ မဟာသာဝက အရှင်မြတ်တို့၏ ဓာတ်တော်ကိုလည်းကောင်း၊ ပကတိသာဝက ရဟန္တာ အရှင်မြတ်တို့၏ ဓာတ်တော်ကို လည်းကောင်း ဘယ်လို ပုံသဏ္ဌာန်ရှိသည်၊ ဘယ်အရွယ်ပမာဏ ရှိသည်ဟု အတိအကျ ဖွင့်ဆို ဖော်ပြချက် မရှိပါဘူး ဒကာကြီး”

*အရှင်အညာသိကောဏ္ဍည*
~~~~~~~~~~~~~~~
ရဟန္တာအရှင်မြတ်တို့တွင် အရှင်အညာသိကောဏ္ဍညထေရ်သည် ဟိမဝန္တာတော ဆန္ဒန္တအိုင်အနီး၌ ပရိနိဗ္ဗာန် ပြုတော်မူပါတယ်၊ အရှင်အနုရုဒ္ဓ အမှူးပြုသော ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာတို့က မီးသဂြိုလ်ပါတယ်။
“မီးသဂြိုလ်ပြီးနောက် မြတ်လေးပန်းငုံအဆင်းရှိသော ဓာတ်တော်တို့ကိုရေစစ်ပဝါဖြင့် ထည့်ယူခဲ့ပြီး ဘုရားရှင်လက်တော်သို့ အပ်ကြပါတယ်”
“ဘုရားရှင် ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ ရေစစ်ပဝါဖြင့် ထည့်ထားသော အရှင်အညာသိကောဏ္ဍညထေရ်၏ ဓာတ်တော်တို့ကိုကိုင်၍ လက်ကို ဆန့်တန်းတော်မူသောအခါ မြေကြီးမှ ငွေရေဗူးတောင်းနှင့်တူသော စေတီတော် ပေါ်ထွက်ပါတယ်”
ဘုရားရှင်သည် အရှင်အညာသိကောဏ္ဍညထေရ်၏ ဓာတ်တော်တို့ကိုအဲဒီစေတီတော်၌ ကိုယ်တော်တိုင် ထည့်သွင်းဌာပနာတော်မူပါတယ်။
အဲဒီအခြင်းအရာကို ထောက်ရှုကြည့်ရင် ရဟန္တာအရှင်မြတ်တို့ရဲ့ ဓာတ်တော်သည် မြတ်လေးပန်းငုံအဆင်းနှင့် တူတယ်လို့ ဆိုနိုင်ပါတယ် ဒကာကြီး”
“ဒီလိုဆိုရင် ရဟန္တာများရဲ့ ဓာတ်တော်ဟာ အရောင်အဆင်းအားဖြင့် ဘုရားရှင်ရဲ့ မုံညှင်းစေ့ခန့် ပမာဏရှိတဲ့ မြတ်လေးပန်းငုံ အဆင်းနှင့်တူတာပေါ့ဘုရား”
“အင်း… အဆင်းတော့တူတယ်၊ အရွယ်တော့ ဘယ်လိုလို့ မပါဘူး ဒကာကြီး”
“အရှင်ဘုရား ရဟန္တာများ ပရိနိဗ္ဗာန်စံသောအခါ အဲဒီ ပရိနိဗ္ဗာန်စံတဲ့ ရဟန္တာတိုင်း ဓာတ်တော်ကျန်ပါသလားဘုရား”
“ရဟန္တာတိုင်း ဓာတ်တော် မကြွင်းကျန်ဘူး ဒကာကြီး”
“ဘယ်လိုရဟန္တာများ ဓာတ်တော်ကြွင်းကျန်ပါသလဲဘုရား၊ ဘယ်လိုရဟန္တာများ ဓာတ်တော် မကြွင်းကျန်ပါသလဲဘုရား”

*အဘိညာဉ်ရမှ*
~~~~~~~~
ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံသောအခါ အရိုးတော် အသားတော် စသည်တို့သည် အားလုံးဓာတ်တော်များ ဖြစ်ပါသည်။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်များကား ပရိနိဗ္ဗာန် ဝင်စံခါနီးတွင် ဓာတ်တော်ကြွင်းကျန်စေချင်လျှင် ပထမ အဘိညာဉ်ဝင်စားရ၏။ အဘိညာဉ် ဝင်စားပြီးနောက် အဓိဋ္ဌာန်ပြုရပါတယ်။
အဲဒီလို အဓိဋ္ဌာန်ပြုမှသာ ဓာတ်တော်များ ကျနိုင်ပါသည်၊ အဘိညာဉ်ရမှလည်း အဘိညာဉ် ဝင်စားနိုင်ပါတယ်၊ အဘိညာဉ်ဝင်စားမှလည်း အဓိဋ္ဌာန်ပြုမှု အောင်မြင်ပါတယ်။

*အဓိဋ္ဌာန်အောင်မြင်မှ*
~~~~~~~~~~~~
ရဟန္တာပုဂ္ဂိုလ်ကြီးများမှာလည်း သုက္ခဝိပဿကခေါ် ရဟန္တာရိုးရိုးသာဖြစ်လျှင် ပုထုဇဉ်ရဟန်း သာမန်များကဲ့သို့ ပကတိအရိုးသာ ကြွင်းကျန်ရစ်ပါတယ်။
အဘိညာဉ်လည်းရမှ ဓာတ်တော်များ ကျပါစေဟု အဓိဋ္ဌာန်လည်း ပြုပါမှ အဓိဋ္ဌာန်သည့်အတိုင်း အောင်မြင်စွာ ဓာတ်တော်ကျနိုင်ပါတယ်ဒကာကြီး။
“အရှင်ဘုရား ဒီလိုဆိုရင် ယခုခေတ် ရဟန္တာဖြစ်ရင် ဓာတ်တော်ကျနိုင်ပါသေးသလား”
“အင်း… ဒါတော့ ယခုပြောခဲ့တဲ့ စကားတွေနဲ့ပဲ စဉ်းစားကြည့်ပါတော့ ဒကာကြီး”
“အရှင်ဘုရားကလည်း ဖြေပါဘုရား”
“ဓာတ်တော်ကျလား မကျလား မီးသဂြိုလ်ပြီးတာနဲ့ တပြိုင်နက် ပရိသတ်အများရှေ့မှာ မီးပုံကို ဝိုင်းကြည့်ပြီး ကောက်ယူကြည့်ရင် အရှင်းဆုံးပါပဲ ဒကာကြီး”
“ရှင်းပါပြီဘုရား”
“ဘယ်လိုရှင်းတာလည်း ဒကာကြီး”
“ခုခေတ် ရဟန္တာအမည်ခံတွေကို ဓာတ်တော်လုပ်တာက မီးသဂြိုလ်တဲ့ဆီ ဘယ်သူမှ မသွားရ၊ မီးပုံနား ဘယ်သူမှ မသွားရ နောက်မှ သူတို့အတွင်းသားချင်း သွားပြီးကောက်၊ ကွင်းဆက်လုပ်လိုလုပ်၊ ဓာတ်တော်လုပ်လို လုပ်ကြတာပေါ့ဘုရား”
“အဲတာ သိပ်ကြောက်စရာကောင်းတာပေါ့၊ ရဟန္တာမဟုတ်ဘဲနဲ့ ရဟန္တာလုပ် ကိုးကွယ်ရင် နတ်ရွာနိဗ္ဗာန်မရောက်တော့ဘူးတဲ့ ဒကာကြီး”
“ကြောက်စရာပါလားဘုရား”
“ဘုန်းကြီးကိုယ်တိုင် တွေ့ဖူးတယ်၊ နာမည်ကြီးဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူတော့ အရိုးကို နောက်မှကောက်ပြီး အရိုးတွေ အမှုန့်ထောင်းပြီး ကော်ကောင်းကောင်းနဲ့လုံးပြီး ရွှေချကာ ဓာတ်တော်လုပ်ကြတယ်”
“တယ်ဆိုးပါလားဘုရား”
“အဲတာ ဆိုးတာမဟုတ်ဘူး၊ ညာတာ ဒကာကြီးရဲ့”
“သူတို့က ညာတာ ကိစ္စမရှိပါဘုရား၊ မသိတဲ့လူတွေက ရဟန္တာလုပ် ကိုးကွယ် နတ်ရွာနိဗ္ဗာန်နဲ့ လွဲမှာ ကြောက်ရပါတယ်ဘုရား”
“ဒါကြောင့်ပြောတိုင်းမယုံဖို့၊ အသိုင်းအဝိုင်း ကောင်းတိုင်း အထင်မကြီးဖို့ အရေးကြီးတယ်နော်”
“မှန်ပါဘုရား”
“ကဲ… တော်ရောပေါ့”

* ဓာတ်တော်ဆိုတာကိုးကွယ်ရာ သေချာကိုးကွယ်ပါ၊*

* ဘုရားဓာတ်တော် သုံးစားနော် ရွေးဖော်နှိုင်းယှဉ်ပါ၊*

* ရဟန္တာမှာ ဓာတ်တော်ဟာ ကျတာမကျ ရှိလေပါ၊*

* ခုခေတ်ရဟန္တာ ဓာတ်တော်ဟာ သေချာမကျများလှပါ၊*

* ကျတယ်ဆိုက စုံစမ်းကြ ကျနသေသေချာ၊*

* မစုံစမ်းပဲ ကိုးကွယ်လွဲ ငရဲကျလိမ့်မှာ။*

~~~~~~~~~~~~~~~~~~~~~~~~~~~~~

*ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ကြီး၏
ဗုဒ္ဓဓမ္မပြဿနာများ - ၈ စာအုပ်မှ ကူးယူပါသည်။*

ပရိတ်ရွတ် ဆိုရာတွင် သိသင့် ရှိသင့်သည်များ




(မေး) (ပရိတ်ရွတ်ရာ၌)
အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ဦးမောင်ဦး-တောင်ငူ)

(ဖြေ) ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အ၀ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။
ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။
ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။
နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပဉ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။
(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။
(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။
ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
buddhismbeams.com မှကူးယူဖေါ်ပြပါသည်။

Thursday, April 3, 2014

ဆုတောင်းနေရုံဖြင့် ဘာမှမဖြစ်နိုင်.......

 
ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊

ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊

ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာ ၀က၊ မဟာသာဝကနှင့် အခြားရဟန်း များအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့်သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ” ဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊
“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည်တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သောဆုများ လပြည့်ညတွင် ထွက်ပေါ် သော ရွှေလမင်း ကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များ ကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊

ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့၏နှလုံးသား တွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊

“အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့် အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက် သည့်သာဓကလည်း ဖြစ် ပါသည်၊၊
အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” 

ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော် တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊
သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည် လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊

ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမ ပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်” များတွင် လေ့လာ ရရှိနိုင်သည်၊၊
ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊
မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကို ရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေ အထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊


လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ” ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိ ကြောင်းကို တွေ့ရသည်၊၊
“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်း ပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါ သည်၊၊

အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊
ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ 

ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည် ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊

(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆု များနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊
“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော် လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံ ဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊
ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊
ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော် အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါ သည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊
ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊

(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊
(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊
(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊

အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့်၊ ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊

ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြ ခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါ သည်၊၊
“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊

အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊
(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊
(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

“အကိတ္တိရှင်ရသေ့”၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊
ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊မိမိဘ၀တွင် ဖြစ် ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွား များကိုအလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည်ဟု အရှင်ထင်မြင် မိပါသည်၊၊ ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့်
ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများ စွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုတ်သည့် ဆု တောင်းများဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီး မှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို “ပါဠိနိကာယ်ကျမ်း”ကြီးများ တွင် ဖော်ပြထားပါသေး သည်၊၊

ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့်၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊
မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါ သည်၊၊စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊
buddhismbeams.com မှကူးယူဖေါ်ပြပါသည်။


Wednesday, March 5, 2014

ရဟန်းသံဃာ သာမဏေများ၏ အရိပ်နင်းမိကအပြစ်ဖြစ်လား...မဖြစ်လား

 ရဟန်းသံဃာ သာမဏေများ၏ အရိပ်နင်းမိကအပြစ်ဖြစ်လား...မဖြစ်လား
 
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)  
(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)
အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။
ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။
အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။
အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။
ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။
(ဧရာဝတီတိုင်းသား)

(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။
အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။
buddhismbeams.com မှကူးယူဖေါ်ပြပါသည်။

Thursday, February 6, 2014

ချစ်ခင်သမျှ....ဆင်းရဲရ.....




ဝိသာခါသည် သူ၏မြေးမလေး သေဆုံးရသဖြင့် စိတ်နှလုံး ဆင်းရဲပင်ပန်း၍ နေ၏။ ညှိုးနွမ်းပူဆွေး၍ နေ၏။ ထိုကြောင့် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားထံ ချဉ်းကပ်လေသည်။
"ဝိသာခါ - သင်သည် နေ့ခင်းအချိန်ကြီး၌ အဘယ်အရပ်က လာခဲ့သနည်း ၊ အဘယ်ကြောင့် နှလုံးမသာမယာ ဖြစ်နေသနည်း" ဟု မြတ်စွာဘုရားက မေးတော်မူ၏။
"အရှင်ဘုရား - တပည့်တော်၏ မြေးမငယ်တစ်ဦး သေဆုံးသွားပါသည် ၊ ထို့ကြောင့် စိတ်နှလုံး ဆင်းရဲပင်ပန်းလှသဖြင့် အရှင်ဘုရားထံ ချဉ်းကပ်လာပါသည်" ဟု ဝိသာခါက လျှောက်ထားလေသည်။
"ဝိသာခါ - သင်သည် ဤသာဝတ္ထိပြည်၌ရှိသော လူဦးရေလောက်များပြားသည့် သားမြေးတို့ကို အလိုရှိသလား"
"အရှင်ဘုရား - တပည့်တော် အလိုရှိပါသည်"

"ဝိသာခါ - ဤသာဝတ္ထိပြည်၌ နေ့စဉ်နေ့တိုင်း အဘယ်မျှလောက်သောလူတို့ ကွယ်လွန်ကြသနည်း"
"အရှင်ဘုရား - သာဝတ္ထိပြည်သားတို့သည် နေ့စဉ်အားဖြင့် (၁၀) ယောက်လည်း ကွယ်လွန်ပါ၏ ၊ (၉) ယောက်လည်း ကွယ်လွန်ပါ၏ ၊ အနည်းဆုံးအားဖြင့် နေ့စဉ် တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏ အရှင်ဘုရား ၊ ဤသာဝတ္ထိပြည်၌ သေသူနှင့် ကင်းသောနေ့ဟူ၍ မရှိပါ"
"ဝိသာခါ - ဘယ်သို့နည်း ၊ သို့ဖြစ်လျင် သင်သည် တစ်ခါတစ်ရံမျှ စိတ်နှလုံး မပူဆွေး မပင်ပန်းဘဲ ရှိနိုင်ပါတော့မည်လော"
ဝိသာခါသည် မြတ်စွာဘုရား၏ အမေးစကားကို သဘောသက်ဝင်သွားပြီဖြစ်၍ အမြင်လည်း ပြောင်းလဲသွားလေသည်။ ထို့ကြောင့် -
"မရှိနိုင်ပါ ရှင်ဘုရား ၊ ထိုမျှလောက် များပြားသော သား-မြေးတို့ဖြင့် တပည့်တော်အား အကျိုးမရှိတော့ပါ ၊ ပူဆွေးပင်ပန်းရန်သာ ရှိပါတော့မည်" ဟု လျှောက်ကြားလေသည်။
"ဝိသာခါ-တစ်ရာမျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား တစ်ရာမျှလောက် ဆင်းရဲပင်ပန်းလှပေ၏ ၊ ကိုးဆယ်မျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား ကိုးဆယ်မျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏ ၊ ရှစ်ဆယ် ၊ ခုနှစ်ဆယ် ၊ ခြောက်ဆယ် ၊ ငါးဆယ် ၊ လေးဆယ် ၊ သုံးဆယ် ၊ နှစ်ဆယ် ၊ တစ်ဆယ်မျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား ထိုထိုအတိုင်းအတာမျှလောက်ပင် ဆင်းရဲပင်ပန်းလှပေ၏ ၊ အဆုံးအားဖြင့် ချစ်ခင်အပ်သော အရာဝတ္ထုတစ်ခုမျှရှိသူအား ထိုတစ်ခုမျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏။
"ဝိသာခါ-ချစ်ခင်အပ်သော အရာဝတ္ထု မရှိသူအား ဆင်းရဲပင်ပန်းခြင်းမရှိပေ ၊ ထိုသူသည် စိုးရိမ်ခြင်းမရှိ ၊ ကိလေသာမြူမရှိ။
*** "ဝိသာခါ-လောက၌ စိုးရိမ်ခြင်းတို့သည်လည်းကောင်း ၊ ငိုကြွေးခြင်းတို့သည်လည်းကောင်း ၊ ဆင်းရဲပင်ပန်းခြင်းတို့သည်လည်းကောင်း ထင်ရှားရှိကုန်၏ ၊ ထိုအလုံးစုံတို့သည် ချစ်ခင်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏ ၊ ချစ်ခင်အပ်သော အရာဝတ္ထု မရှိလေမူ ထိုအလုံးစုံတို့သည် မဖြစ်ပေါ်နိုင်ကုန်။
"ထို့ကြောင့် လောက၌ အကြင်သူအား ချစ်ခင်အပ်သော အရာဝတ္ထု တစ်စုံတစ်ရာမျှ မရှိငြားအံ့ ၊ ထိုသူသည် ချမ်းသာ၏ ၊ စိုးရိမ်မှု ကင်း၏ ၊ ဆင်းရဲပင်ပန်းမှု ကင်း၏။
"ထို့ကြောင့် စိုးရိမ်ကင်းမှု ၊ ဆင်းရဲပင်ပန်းခြင်း ကင်းမှု ၊ ကိလေသာမြူကင်းမှုကို လိုချင်တောင့်တသော သူသည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်နှစ်သက်မှုကိုမျှ မပြုကြကုန်ရာ" ဟူ၍ မြတ်စွာဘုရား မြွက်ကြားတော် မူလေ၏။
(ဥဒါန်းပါဠိတော် ၊ ပါဋလိဂါမိယဝဂ် ၊ ဝိသာခါသုတ်)
*** BTNR မှ ဆရာလေးမြိုင်၏ ဗုဒ္ဓ၏ဝါဒစစ်ပွဲများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။ ***
Buddhism Beams မှကူးယူတင်ပြပါသည်။