Friday, March 11, 2016

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ...

 

ဖြေ ။ လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်။ ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်။

ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။ ၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် ) ၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ ) ၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၁၀။ ၀ံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) အထက်ပါ အသားကြီး ဆယ်မျိုးက လွတ်တဲ့ ကြက်သား ၀က်သားစတာတွေမှာလဲ အစွန်းသုံးပါး လွတ်ရင် ဘုန်ပေးနိင်တယ် လို့ ခွင့်ပြုထားခဲ့တယ်။ အစွန်းသုံးပါး ဆိုတာက - ၁။ ဒိဋ္ဌမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊ ၂။ သုတမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊ ၃။ ပရိသင်္ကိတ မံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာ၊ တွေကို မဘုန်းပေးကောင်းပါဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ သင့်လျော်တဲ့ ဆန္ဒရှိတဲ့ရဟန်းတော်တွေ စားလိုက စားနိုင်တယ်၊ မစားပဲ နေလိုက နေနိုင်ပါတယ် လို့ ကရုဏာတော်နဲ့ ခွင့်ပြုတော်မူခဲ့တယ်၊ လူတွေမှာတော့ ကိုယ်တိုင် မသတ်ရင် စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အာဟာရက တရားထူးရဖို့ ကျေးဇူးပြုပုံကတော့ 
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းတော် အပါး ( ၆၀ ) ဟာ မြတ်စွာဘု၇ားဆီက ကမ္မဋ္ဌာန်းတောင်းပြီး သာဝတ္ထိနဲ့ ဝေးလံတဲ့ တောရွာတရွာမှာ ၀ါဆိုခဲ့ကြတယ်၊ အဲဒီရွာက ဒကာမကြီးတယောက်ကလဲ သိပ်ကြည်ညိုလွန်းလို့ အစစအရာရာ လှူဒါန်းပေးတယ်၊ တနေ့တော့ ကိုယ်တော်တွေ တရားအားထုတ်နေတာကို ကြည့်ပြီး တပည့်တော်လဲ အားထုတ်လို့ ရနိုင်ပါသလား လို့ မေးလိုက်တာ ရနိုင်တယ် ဆိုတာနဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းတောင်းပြီး အချိန်ပြည့် အားထုတ်နေသတဲ့၊ မကြာခင်မှာပဲ ဒကာမကြီးက သုံးမဂ် သုံးဖိုလ် ဆိုက်ပြီး လောကီ ဈာန် အဘိညာဉ်နှင့်တကွ အနာဂါမ်အရိယာ ဖြစ်သွားတယ်၊ တရားထူးရတာနဲ့ တပြိုင်နက်ထဲ  " ငါ့ သားတော်တွေ ငါ့လို တရားထူး ရနေကြပြီလား - ဘယ်လို အဆင့် ရောက်နေကြပြီလဲ " လို့ ကြည့်လိုက်တော့ အားလုံး ဟာ ပုထုဇဉ်တွေပဲ ရှိသေးတာကို အဘိညာဉ်နဲ့ မြင်တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်၊ ဘယ်လိုတွေကြောင့် တရားထူးမရနိုင်ကြတာလဲ လို့ ဆက်လက်ဆင်ခြင်ကြည့်ပြန်တော့  သေနာသန သပ္ပါယ - နေရာထိုင်ခင်း အအေး အပူ ရာသီဥတု တွေတော့ မျှတကြပါတယ်၊   ပုဂ္ဂလ သပ္ပါယ - တပါးနဲ့ တပါး လည်းပဲ အမျက်ဒေါသ စတာတွေမရှိပဲ ချစ်ချစ်ခင်ခင် နေကြ မျှတကြပါတယ်၊ ဘောဇန သပ္ပါယ - စားသုံးနေရတဲ့ အာဟာရကတော့ မမျှတကြဘူး၊   ဒီနေ့ အချဉ်လေး စားချင်တဲ့ ဆန္ဒရှိပေမယ့် အချဉ်ကို မစားရဘူး၊ အချိုကို တောင့်တပြန်တော့ အစပ် အခါး အရသာရှိတဲ့ ဟင်းတွေ ကို စားရပြန်တယ်၊ ဒီလိုနဲ့ စားချင်တာက တခြား စားနေရတာက တမျိုး ဆိုတော့ မမျှတဘူး ဖြစ်နေတယ်၊ အဘိညာဉ်နဲ့ ဆင်ခြင်ပြီးတဲ့ နောက်နေ့မှာတော့ ရဟန်းအပါး ၆၀ ဆန္ဒ ရှိနေကြတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် ဟင်းလျာ မှန်သမျှကို စီစဉ် ဆက်ကပ် ပြီး အရှင်ဘုရားတို့ အလိုရှိသမျှ လိုအပ်သလောက် ဘုန်းပေး သုံးဆောင်တော်မူကြပါဘုရား ဆိုပြီး လှူဒါန်းခဲ့သတဲ့၊ ရဟန်းဘ၀ ဆိုတာကလဲ သပိတ်ထဲ ရောက်လာတာ လောင်းလှူလိုက်တာကိုပဲ ဘုန်းပေးနေကြရတာကိုး၊ ဂျီးများလို့ မရဘူးပေါ့၊ ဟင်းချို ပူပူလေး သောက်ချင်ပေမယ့် လှူတဲ့သူက အေးတိအေးစက် လှူပြန်ရင် သပ္ပါယ မဖြစ်ပြန်ဘူး ၊ ဒါကြောင့်လဲ ရဟန်း ဆိုတဲ့ အဓိပ္ပါယ်ကို  (ဘိက္ခတိ ယာစတီတိ ဘိက္ခု ) -  တောင်းရမ်း အလှူခံပြီး အသက်မွေးရတဲ့ ဘ၀မို့ ဘိက္ခု ခေါ်သတဲ့၊  နောက်တမျိုးက ( ပရဒတ္တူပ ဇီဝီ )- သူတပါး ဆိုတဲ့ ဒကာ ဒကာမတွေအပေါ်မှာ မှီပြီး အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေ လို့ ဆိုပြန်သေးတယ်၊  ...  ဒါက ထားပါတော့ - ဒီနောက်မှာ လိုအပ်တဲ့ အစာ အာဟာရကို သုံးဆောင်ပြီး ဘောဇန သပ္ပါယ မျှတနေကြတဲ့ ရဟန်းတော်တွေဟာ တရားအားထုတ်လိုက်တာ သမာဓိတွေ အဆင့်ဆင့် တက်ကာ တည်ကြည်ပြီး အပါး ( ၆၀ ) လုံး ပဋိသမ္ဘိဒါ လေးပါး ဈာန် အဘိညာဉ်အားလုံးနှင့်တကွ ရဟန္တာ ဖြစ်သွားကြတယ်၊
ရဟန္တာဖြစ်ကြတာနဲ့ တပြိုင်နက်ထဲ အဘိညာဉ်နဲ့ ဆင်ခြင် ကြည့်ပြန်တော့ --
 " အော် -- ငါတို့ အားလုံးရဲ့ မယ်တော်ကြီး မာတိက မာတာ ဟာ ငါတို့ အပေါ်မှာ သိပ်ပြီး ကျေးဇူးများတာပဲ၊ သူရှိနေလို့သာ ငါတို့ တရားထူးရနိုင်ပေတယ် "- လို့ ကျေးဇူးကို မြင်တော်မူကြပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၇သတဲ့။
ဒီနေရာမှာ အကယ်၍များ တရားအားထုတ်နေသူအားလုံးအတွက် လိုအပ်တဲ့ ဘောဇန သပ္ပါယ ကို မရခဲ့လျင် တရားထူး မရနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊ အသားငါးတွေ ကို ရှောင်ကြဉ်ဖို့ စွဲကိုင်နေလျင် ထိုရဟန်းတော်များ ရဟန္တာဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဒါကြောင့်လဲ ယခုအခါ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများက ဘုန်းကြီး ၇ဟန်းတော်များကို ဆွမ်းကပ်သည့်အခါ ချို ချဉ် စပ် အခါး၊ အဖန် အရသာ စသည်ဖြင့် သစ်သီးဝလံ ခဲဖွယ်ဘောဇဉ် စုံစုံလင်လင် ဆက်ကပ်နေကြသည်ဟု စာရေးသူက ထင်မြင်မိပါတယ် ။   ( အရှင်သုနန္ဒာလင်္ကာရ )           ......................................................................................................
မစားသင့်သော အသားကြီးဆယ်မျိုး နှင့်  အစွန်းသုံးပါးလွတ်သော အသားငါး အကြောင်းဖော်ပြပြီဖြစ်၍ အောက်ပါအဖြေတွင် အဆိုပါအကြောင်းအရာများကို ဖြတ်နုတ်ထားပါကြောင်း ... 
ဖြေ ။ တလောကလုံး သက်သတ်လွှတ်စားပါ ဆိုရင်လဲ မဖြစ်နိုင်သလို၊ အားလုံး အသားတွေ စားကြပါလို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။ စားသူစား ရှောင်သူရှောင်မှာပေါ့။ တပြည်းတည်း မဖြစ်နိုင်ပါဘူး။ ရှောင်တယ်ဆိုရင်လဲ သတ္တ၀ါတွေ ငါ့ကြောင့် မသေစေပါနဲ့ နင်တို့အသားကို ငါမစားတော့ဘူး ဆိုပြီး မေတ္တာစိတ်နဲ့ ရှောင်ရင် မေတ္တာစိတ်ကြောင့် ကုသိုလ်ဖြစ်ပါတယ်။သိပ်အသား စားကျူးလွှန်းရင်တော့​ ရောဂါများတတ်တယ်။ မတတ်သာလို့ စားတယ်ဆိုရင်လည်း ခန္ဓာကိုယ် မျှတကျန်းမာစေဖို့ ဆိုတဲ့စိတ်နဲ့ စားသင့်တယ်။ တဏှာလောဘဇောနဲ့ မစားသင့်ဘူးပေါ့။ ဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမထားတာ မှတ်သားစရာ သိပ်ကောင်းတယ် … ဒီလိုပါ အသားစားရင်လဲ ဥပမာ တစ်ခုပေးထားတယ်။
ကန္တာရ တစ်ခုကို ခရီးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ သားငယ်တစ်ယောက်။ လမ်းမှာ သားငယ်က ဆုံးသွားတယ်။ စားဖို့ ရိက္ခာတွေလည်း မရှိတော့ သူတို့ သားငယ်ရဲ့ အသားကို လှီးဖြတ်ယူပြီး အခြောက်လှမ်းကာ စားဖို့ ရိက္ခာအတွက် ယူဆောင်လာရတယ်။ အဲဒီ လင်မယားနှစ်ယောက် ထမင်းဆာလို့ သူတို့ သားငယ်ရဲ့ အသားကို စားတဲ့အချိန်မှာ တဏှာလောဘနဲ့ စားပါ့မလား ရဟန်းတို့ လို့ ဘုရားကမေးတော့ ရဟန်းတော်တွေက (မစားပါဘုရား) လို့ဖြေတယ်။ ဟုတ်တယ် သူတို့လင်မယား အသားကို စားတိုင်း မျက်ရည်လည်ပြီးတော့ မတတ်သာလို့ သူတို့သားငယ်ရဲ့ အသားကို စားကြတယ်။ အဟာရဖြစ်ဖို့သာ စားကြတာတဲ့။
ဒါကြောင့် စားရင် တဏှာလောဘနဲ့ မစားဖို့ အရေးကြီးတယ် လို့ဖြေပါရစေ။ အသားစားတဲ့သူကို လူစိတ်မရှိတဲ့သူတွေ ဘီလူးတဘက်တွေ ဆိုပြီး မစွပ်စွဲသင့်သလို သက်သတ်လွှတ် စားတဲ့သူတွေကိုလည်း နွားတွေ ကျွဲတွေလည်း သက်သတ်လွှတ်ပဲစားတယ် ဆိုပြီး မစွပ်စွဲသင့်ပါဘူး။ စိတ်ထားတတ်ဖို့ အသိတရား ရှိဖို့ အရေးအကြီးဆုံးပါ။
သတ်သတ်လွတ်စားခြင်းဖြင့် အကျိုး ရှိ ၊ မရှိ
အထူးသဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်စေပါတယ်။ ခန္ဓာကိုယ်အနံ့အသက် သိပ်မနံဘူး အသားစားများတဲ့ အက်စကီးမိုးလူမျိုးတွေဟာ အသက်တိုကြတယ်။ သူတို့ရဲ့ ပျှမ်းမျှအသက် ၃၅ လောက်ပဲရှိတယ်။ အသားစားများလို့ ဆိုပြီး သုတေသနတွေ ကောက်ချက်ချတယ်။ …ဒါပေမယ့် ကိုယ်က သက်သတ်လွှတ်စားပြီး မစားတဲ့သူတွေကို အထင်သေးအမြင်သေးတာမျိုးတော့​ မဖြစ်သင့်ဘူးထင်တယ်။ အသားလျှော့စားတာတော့ ကောင်းပါတယ်။ အသီးအရွက်တွေကို များများစားပေးရင် ပိုကောင်းတယ်လို့ ဆေးသူတေသနတွေ ကောက်ချက်ချကြတယ်။
 (အရှင်စ၀်ဆုခမ်း) 
........................................................................................................
နောက်ပြီ တချို့ဆရာတော်ကြီးတွေရဲ့တရားရိပ်သာတွေမှာ သက်သက်လွတ်ပဲစားကြရတဲ့ အကြောင်းရင်းကတော့ တရားနာပရိတ်သတ် နှင့်  ယောဂီများမှာ ရာချီထောင်ချီ ရှိကြတယ် ဆိုတော့ တစ်နေ့တစ်နေ့ အသားငါးများကျွေးမွေး ရမည်ဆိုလျှင် တရွာလုံးမှာရှိတဲ့ အသားငါးများသတ်ဖြတ်ရုံပါမက အခြားရွာမှလည်း မာယူနေကြရမည်ဖြစ်သောကြောင့်သာလျှင် သက်သက်လွတ်စားခြင်းဖြစ်သည်။ (အရှင်ဇဝန) ..............................................................................
အဆုံးသတ်ရမည်ဆိုလျင် ... 
ဟင်းသီးဟင်းရွက်တွေကို ပိုးမွှားများမတက်ရအောင် ပိုးမထိုးရအောင် ဆေးများဖြန်းယူကြရတယ်၊ ဖျားနာရင်လည်း ဆေးများသောက်သုံးနေကြရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့်လည်း သက်သက်လွတ်ဖို့ဆိုတာခဲရင်းကြောင်းပါ။ အဒီက တော့ အစွန်းမရောက်ဖို့ပါပဲ၊ မျှတတဲ့ အလယ်အလတ် (မဇ္ဈိမ ပဋိပဒါ ) လမ်းစဉ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

အရင်က လုပ်ခဲ့လို့ အခုလုပ်စရာမလိုတော့ဘူးလား....




ကျွန်တော်များ ဗုဒ္ဓဘာသာဝင်အများစုတွင် မှားယွင်းနေသော အယူအဆ ပေါင်းများစွာရှိနေပါသည်။
နတ်ကိုးကွယ်သူ၊ ဘိုးတော်ကိုးကွယ်သူ၊ သိုက်ကလာတဲ့သူ၊ စတဲ့အမျိုးမျိုးသော အယူလွဲနေမှုများအား
တွေ့မြင်ဖူးပါသည်။ထိုသို့ အယူလွဲနေကြသူများအား သုံးသပ်ကြည့်သည့်အခါ လောဘကြောင့် ကိုးကွယ်
ကြသူ ဒေါသကြောင့်ကိုးကွယ်ကြသူ မောဟကြောင့်ကိုးကွယ်ကြသူများသာ ဖြစ်ကြောင်းတွေ့ရပါသည်။
ဥပမာ ဟိုနတ်ကိုပူဇော်လိုက် လာဒ်ရွှင်တယ် ဒီနတ်နဲ့တိုင်တည်လိုက် စီးပွားတက်တယ် မကြေနပ်တာရှိရင်
ဟိုနတ်နဲ့တိုက်လိုက် ဆိုတာမျိုးပေါ့။အဲ့ဒိလိုအယူရှိနေသေးသမျှတော့ သူ့ရဲ့စိတ်လည်း အေးချမ်းမှုမရှိနိုင်ဟု
ထင်မိပါသည်။နောက်ထပ် အယူလွဲနေတာတစ်မျိုးရှိနေပါသေးသည်။ ဟိုးအရင်က ဘုရားတရား အလွန်လုပ်
ခဲ့ပြီး အခုကျန်နေသေးတဲ့အချိန်မှာတော့ အရင်လိုမလုပ်ဘဲ နေလို့ရသည်ဟုထင်မြင်နေခြင်းပါ။
ယင်းထင်မြင်ယူဆချက်ဟာ လုံးဝမှားတယ်လို့ပဲ ထင်မိပါသည်။ အရင်ကလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်
သည် လုပ်ခဲ့သည်နှင့် အညီကုသိုလ်အကျိုးရှိလိမ့်မည်ဖြစ်သည်။အရင်က ကောင်းမှုကုသိုလ် အရမ်းလုပ်ခဲ့လို့
အခု မကောင်းမှုအကုသိုလ်အလုပ် လုပ်မယ်ဆိုရင် ပြုမိသည့် မကောင်းမှုရဲ့အကုသိုလ်အကျိုးဆက်ကတော့
ခံရမည်ဖြစ်ပါသည်။
ဥပမာ အရင်ကထမင်းစားခဲ့လို့ အခုထမင်းမစားတော့ရင် အဟာရပြတ်ပြီးအသက်ဆုံးဖို့ပဲရှိပါတယ်။
ဒါကြောင့် အရင်ကဆိုတဲ့အတိတ်ကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်တိုင်းကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့
လိုပါတယ်။ကုသိုလ်တရားတွေနဲ့ပြည့်နေတဲ့ ပစ္စုပ္ပန် ကိုတည်ဆောက်နိုင်ကြပါစေကြောင်းဆုတောင်းရင်း
ကျွန်တော့်အမြင်သက်သက်သာဖြစ်လို့ အမှားများစွာပါနိုင်ပါသည်။
                                                                                                   PK(လယ်ဝေး)
 


သင်္ကန်းအကြောင်းသိကောင်းစရာ

 

သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ၀တ်ရုံတော်မူသည့်သင်္ကန်းသည် လူဝတ်ကြောင်များဝတ်ကြသော အ၀တ်အစားများနှင့်မတူပါပေ။ ကမ္ဘာ့ကမ္ဘာကြာမှ ပေါ်လာသည့် အရဟတ္တဓဇ (ရဟန္တာတို့၏တံခွန်) သင်္ကန်း ဖြစ်၏ ။ (ပုံပါအတိုင်းကြည့်ပါ)၊ အတွင်းပိုင်းတွင်(၅)ပိုင်း ( ၎င်းတို့ကိုလယ်ကွက်ပုံဖေါ်ထားသည် ) အနားပတ် အလျား(၂)စ၊ အနံ(၂)စ၊ စုစုပေါင်း အစ(၉)စ ရှိ၏၊

၎င်းသင်္ကန်းကို ၀တ်ရုံထားကြသည့် သံဃာတော်များသည် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဆိုတဲ့ “ လူ နတ် ဗြဟ္မာသတ္တ၀ါတို့၏ ကောင်းမှုမျိုးစုံစိုက်ပျိုးရာ လယ်ယာမြေကောင်းလည်း ဖြစ်ပေ၏ ” ဟူ၍ လာ၏။




မဟာဝါပါဠိတော်မြန်မာပြန်၌
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူစဉ်
 လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏လယ်ကို မြင်တော်မူ၍အရှင်အာနန္ဒာကို

“ အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်၏လော ” ဟု မိန့်တော်မူ၏။ “ မြင်ပါသည် အရှင်ဘုရား ”  ဟု (လျှောက်၏) ၏

“ အာနန္ဒာ သင်သည် ရဟန်းတို့အား ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှာ စွမ်းနိုင်ပါမည်လော ” ဟု( မေးတော်မူ၏) ။

“ စွမ်းနိုင်ပါသည် အရှင်ဘုရား ”  ဟု (လျှောက်၏) ။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် တဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရား ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို

“ ဘုန်းတော်ကြီးသော အရှင်ဘုရား တပည့်တော် စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မုပါ ”  ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို

 " ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ကြီးသော ပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့် သိဘိ၏၊ အနားပတ်(အနုဝါတ) ၊ တလုပ်မြောင်းရှည် (ကုသိ) မည်သည်ကိုလည်း ပြုဘိ၏၊ တလုပ်မြောင်းငယ်(အဍ္ဎကုသိ) ကိုလည်း ပြုဘိ၏၊ အိမ်ဝန်းကြီး(မဟာမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အိမ်ခွဲ(အဍ္ဎမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အလယ်ခေါင်(၀ိဝဋ္ဋ)ကိုလည်း ပြုဘိ၏၊ ခေါင်ရံ(အနုဝိ၀ဋ္ဋ)ကိုလည်း ပြုဘိ၏၊ လည်ထိရာခံသော အနားပတ်(ဂီဝေယျက) ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာခံသော အနားပတ်(ဇင်္ဃေယျက) ကိုလည်း ပြုဘိ၏၊ လက်လိပ်ကိုလည်း ပြုဘိ၏၊ ဖြတ်လည်းဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ရဟန်းတို့အား လျှောက်ပတ်၏၊ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်တို့ ဖြတ်သောဒုကုဋ် ဖြတ်သောကိုယ်ဝတ် ဖြတ်သောသင်းပိုင်ကို ခွင့်ပြု၏ ”

ဟူ၏။ ဓားခွဲဓားဖြတ်ဟုခေါ်ကြ၏။

( မဟာဝါပါဠိတော်မြန်မာပြန်နှင့် မုဒုံမြို့ဦးသြဘာသ၏ ၀ိနည်းဥပဒေတော်ကြီး၌ အကျယ်ကြည့်နိုင်၏ )