၁၀-၁၂-၈၇ နေ့စွဲပါတဲ့ ဟောဒီစာက မိုးညှင်းမြို့၊စက်ကုန်းကျောင်း ဆရာတော်
ဦးသူဇာတထံမှ မေးလျှောက်တဲ့စာ ဖြစ်ပါဘုရား။”
“ဆိုစမ်းပါဦး၊ ဦးသုဇာတက ဘာတွေများမေးပါလိမ့်။”
“ဦးသုဇာတ အမေးက ရဟန်းတော်များကို ဝါဆိုသင်္ကန်းလှူဒါန်းကြတဲ့ အစဉ်အလာဟာ
ဘယ်အချိန်ကာလက စတင်ပြီး ဘယ်ရဟန်းကိုအကြောင်းပြုပြီး အဘယ်ဒါယကာလှူဒါန်းခဲ့သည်ကို
သိလိုပါသတဲ့ဘုရား . . .။”
“သာသနာတော်ဝန်ထမ်း ရဟန်းတော်များရဲ့မှီရာ၊တည်ရာ အားထားရာ တရားဟာ လေးပါးရှိတယ်ကွယ့်။”
“သင်္ကန်း ၉-ထည်”
••••••••••••••••••••••••••
“လေးပါးဆိုတာက
(၁)။ဆွမ်းတည်းဟူသော် မှီရာတည်ရာအားထားရာ၊
(၂)။သင်္ကန်းတည်းဟူသော မှီရာတည်ရာ အားထားရာ၊
(၃)။ကျောင်းတည်းဟူသော မှီရာတည်ရာအားထားရာ၊
(၄)။ဆေးတည်းဟူသော မှီရာတည်ရာ အားထားရာတို့
ဖြစ်ကြတယ်။
အဲဒီတရားလေးပါးအနက်သင်္ကန်းဆိုတဲ့ မှီရာတည်ရာ အားထားရာက သင်း, ကိုယ်, ဒု, အိပ်၊
မျက်, ပရိက်, နိသိဒ်, မိုးအမာလို့ဝိနယသံခိပ်ကျမ်းမှာ လယ်တီဆရာတော် မိန့်တော်မူတဲ့အတိုင်း
(၁)။သင်းပိုင်၊
(၂)။ကိုယ်ဝတ်၊
(၃)။ဒုကုဋ်၊
(၄)။အိပ်ရာလွှမ်း၊
(၅)။မျက်နှာသုတ်ပဝါ၊
(၆)။ပရိက္ခာရာ စောဠပုဆိုး၊
(၇)။နိသီဒိုင်အခင်း၊
(၈)။မိုးရေခံသင်္ကန်း၊
(၉)။အမာလွှမ်း သင်္ကန်းအားဖြင့် “၉-ပါး”ရှိတယ်။
ဒီကိုးပါးသော သင်္ကန်းမှတစ်ပါး
“ဝါဆိုသင်္ကန်း”ရယ်လို့ သီးခြား မရှိဘူးကွယ့်။”
“မိုးရေခံသင်္ကန်းက ဝါဆိုသင်္ကန်းရယ်လို့မဖြစ်သင့်ဘူးလား ဘုရား”
❦“မိုးရေခံသင်္ကန်းကို (ဝဿိကသာဋိက) လို့ ခေါ်တယ်။
❦ဝါဆိုသင်္ကန်းကိုတော့ (ဝဿာဝါသိက) လို့ ခေါ်တယ်။
ဒါကြောင့် “ဝါဆိုသင်္ကန်း” ဟာ “မိုးရေခံသင်္ကန်း”မဟုတ်ဘူး။မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနဝဂ်မှာ သိက္ခာပုဒ် သီးသန့်ရှိတယ်ကွယ့်။”
“မှန်ပါ၊ အဲဒီ သိက္ခာပုဒ်အကြောင်း အနည်းငယ်မိန့်တော်မူပါဦး ဘုရား။”
“မိုးရေခံ သင်္ကန်း”
••••••••••••••••••••••••••••
“မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာစံနေတော်မူစဉ် ကာလက ဝိသာခါ ဒါယိကာမကြီးဟာ ဘုရားဖူးလာတယ်။ဘုရားဖူးပြီး ပြန်ခါနီးမှာဘုရားရှင်နှင့်တကွ
သံဃာကုန် ဆွမ်းကျွေးလိုပါသဖြင့် နက်ဖြန် နံနက်ကြွရောက် ချီးမြှောက်တော်မူပါရန်လျှောက်ထားတယ်။
အဲဒီ ညလွန်တော့ မိုးကြီး သည်းထန်စွာ ရွာသတဲ့။ဘုရားသခင်က ရဟန်းတို့ယခုမိုးဟာ လေးကျွန်းလုံး
ရွာသွန်းတဲ့မိုးဖြစ်တယ်။ကိုယ်ကိုမိုးရေခံကြလို့မိန့်တော်မူတဲ့အတွက်ရဟန်းများဟာ သင်္ကန်းတွေ
ချထားပြီး ကိုယ်ကို မိုးရေခံကြသတဲ့။
အဲဒီအချိန်မှာ ဝိသာခါ ခိုင်းစေလိုက်တဲ့ ကျွန်မက ကျောင်းတော်ကို အပင့်ရောက်လာတယ်။
ဇေတဝန်ကျောင်းတော်မှာ ကိုယ်ကို မိုးရေခံနေကြတဲ့ရဟန်းတော်များကို မြင်တော့ အဝတ်မဝတ်တဲ့
အာဇီဝကတွေလို့ အထင်မှားပြီး အိမ်ပြန်ကာ ကျောင်းမှာရဟန်းတွေမရှိဘူး၊ အာဇီဝကတွေ မိုးရေခံနေကြတာသာ ရှိတယ်လို့ ဝိသာခါကို ပြောသတဲ့။
ဝိသာခါက ပညာရှိတော့ မိုးရေခံနေကြတာဟာအာဇီဝကတွေမဟုတ်ဘူး။ရဟန်းများ သင်္ကန်းချပြီး
မိုးရေခံနေကြတာ ဖြစ်ရမယ်လို့ ထပ်ပြီး အပင့်ခိုင်းပြန်တယ်။ဒီအချိန် ရဟန်းတော်များ မိုးရေချိုးပြီးလို့ သင်္ကန်းပြန်ဝတ်ပြီး၊ကျောင်းတွင်းမှာ သီတင်းသုံးနေကြတယ်။
ကျွန်မဟာ ကျောင်းတော်ကို လာကြည့်တယ်။ဆိတ်ငြိမ်နေတာကို မြင်ပြန်တော့ အိပ်ပြန်ပြီး
ကျောင်းမှာဘယ်သူမျှ မရှိဘူးလို့ ပြောပြန်တယ်။ဝိသာခါက ကျောင်းမှာ ကိုယ်တော်တွေ အမှန်ရှိတယ်။
မိုးရေချိုးပြီးလို့ကျောင်းခန်းအတွင်း ဝင်နေကြတာဖြစ်မယ်လို့ တွက်ဆပြီး ကျွန်မကို ထပ်မံအပင့်ခိုင်းပြန်တယ်။
ဒီအချိန် ဘုရားရှင်က ရဟန်းတော်များကိုသတိပေးတော်မူပြီးကျောင်းတော်မှ ဝိသာခါအိမ်အရောက်
ရဟန်းတော်များနှင့်တကွ တန်ခိုးဖြင့် ကြွတော်မူတယ်။ဒူးဆစ်လောက် ရေတွေလျံအောင် မိုးရွာထဲမှာ
တစ်စုံတစ်ရာ မိုးရေစိုခြင်း မရှိတဲ့ ဘုရားရှင်ရဲ့တန်ခိုးတော်ကိုမြင်လို့ ဝိသာခါ ဒါယိကာမကြီးဟာ
အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆွမ်းလုပ်ကျွေးတယ်။ဆွမ်းလုပ်ကျွေးပြီးတော့ ဘုရားရှင်ထံတော်မှာ
ဆု (၈)ပါး တောင်းခံသတဲ့။
“ဝိသာခါ တောင်းခံတဲ့ (၈)ပါးက”-
••••••••••••••••••••••••••••••••••••••••••
(၁)။အသက်ထက်ဆုံး သံဃာတော်အား မိုးရေခံသင်္ကန်း လှူလိုခြင်း၊
(၂)။ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုခြင်း၊
(၃)။ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၄)။သူနာရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၅)။သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၆)။သူနာရဟန်းတို့အား ဆေးလှူလိုခြင်း၊
(၇)။အမြဲ ယာဂုလှူလိုခြင်း၊
(၈)။ဘိက္ခုနီသံဃာအား ရေသနုပ် လှူလိုခြင်း
တို့ ဖြစ်ကြတယ်။
ဒီ ဆုရှစ်ပါးအနက် ပထမဆုအရ မိုးရေခံသင်္ကန်းကိုဘုရားရှင် ခွင့်ပြုတော်မူတယ်။
မိုးရေခံသင်္ကန်းဟာ ဘုရားရှင်ရဲ့ အထွာတော်ဖြင့်
“အလျား ၆-ထွာ၊အနံ နှစ်ထွာခွဲ”ထက် မပိုစေရဘူး။ပိုလျှင် ပါစိတ်အာပတ် သင့်တယ်”
“မှန်ပါ၊ မိုးရေခံသင်္ကန်းအကြောင်း သိရတဲ့အတွက်ဝမ်းသာလှပါတယ်၊ ဝါဆိုသင်္ကန်းအကြောင်းလည်း
ဆက်ပြီး မိန့်တော်မူပါဦး ဘုရား”
“ဝါဆိုသင်္ကန်း”
••••••••••••••••••••••••••
“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါဝတ်ရုံတဲ့ သင်္ကန်းကို “ဝါဆိုသင်္ကန်း” လို့ ယခုအခါ
မှတ်ယူနေကြတယ်။ သို့သော်လည်း ပါဠိတော်မှာလာတဲ့ဝါဆိုသင်္ကန်းက ဝါဆိုရန် ဝတ်တဲ့ သင်္ကန်းမဟုတ်ဘူး။ဝါဆိုရက်မှာ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်အောင်ဝါမပျက်တဲ့ ရဟန်းတော်အား လှူဒါန်းတဲ့ သင်္ကန်းကို (ဝါဆိုသင်္ကန်း)လို့ ဆိုလိုတယ်။ဒီအကြောင်းနှင့်ပတ်သက်ပြီး ပါတိမောက်နိဿဂ္ဂိယ
ပါစိတ် ပတ္တဝဂ်ကလာတဲ့ အစ္စေကစီဝရအကြောင်း ပြောပြဦးမယ်။”
“မိန့်တော်မူပါဘုရား”
“အစ္စေက သင်္ကန်း”
••••••••••••••••••••••••••
“ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာသီတင်းသုံးတော်မူစဉ် အခါက အမတ်တစ်ယောက်ဟာ
စစ်တိုက်ထွက်ခါနီး င့ါအသက်ဟာ သိပ်မသေချာဘူး။သေကောင်း ကောင်း ဖြစ်အောင် ဝဿဝါသိကခေါ်တဲ့
ဝါဆိုသင်္ကန်း လှူဒါန်းဦးမှ သင့်လျော်မယ်။သို့သော်လည်း ငါ့မှာ စစ်ထွက်ခါနီးနေလို့ အမှုကိစ္စ
များတယ်၊ ကိုယ်တိုင် သွားမလှူနိုင်ဘူး။အရှင်ကောင်းများကို ပင့်လှူမှပဲလို့ အကြံဖြစ်ပြီး
အရှင်မြတ်တို့ တပည့်တော်အိမ် ကြွရောက်ပြီး၊ဝါဆိုသင်္ကန်း အလှူခံယူတော်မူကြပါလို့
အလျှောက်ခိုင်းတယ်။
ရဟန်းတော်များလည်း ဝါကျွတ်သံဃာအား ဝါဆိုသင်္ကန်းခံယူစေလို့ ဘုရားရှင်ခွင့်ပြုချက် မရှိသေးဘူးလို့
ယုံမှားမှုရှိကြတဲ့အတွက် သင်္ကန်းအလှူခံမကြွကြဘူး။အဲဒီအခါ အမတ်ကြီးက အရှင်မြတ်များဟာ
အပင့်လွှတ်ပါလျက် ဘာကြောင့် မကြွခဲ့ကြတာလဲ။ငါက စစ်တိုက်သွားရမှာ၊ အသက်သေမည်
ရှင်မည်မသိနိုင်ဘူးလို့ ကဲ့ရဲ့သတဲ့။ဒီသတင်းကို ဘုရားရှင် ကြားတော်မူလို့
အဆောတလျင် လှူအပ်သော အစ္စေကသင်္ကန်းကို ခွင့်ပြုတော်မူတယ်”
“ဒီနေရာမှာ အစ္စေက သင်္ကန်း ဆိုတာ
❦အသက်ကို စိတ်မချရတဲ့ စစ်ထွက်မည့် ပုဂ္ဂိုလ်မျိုး၊
❦ခရီးထွက်မည့်ပုဂ္ဂိုလ်မျိုး၊
❦ကိုယ်ဝန်ဆောင် ပုဂ္ဂိုလ်မျိုးများ နှင့်
❦အသစ် သဒ္ဓါတရား ဖြစ်ပွားတဲ့ ပုဂ္ဂိုလ်မျိုးများလှူဒါန်းတဲ့
သင်္ကန်းကို ဆိုလိုတယ်။
ဒီသင်္ကန်းကို
●ဝါဆိုသင်္ကန်း(ဝဿာဝါသိက)လို့ပင်ခေါ်ဝေါ်၊
●ဝါကျွတ်သင်္ကန်းလို့ပင် ခေါ်ခေါ်၊
●အစ္စေက အဆောတလျှင် ရှောင်တခင်
လှူဒါန်းအပ်သော သင်္ကန်းလို့ပင်ခေါ်ခေါ် သီးခြားသင်္ကန်း မဟုတ်ဘဲ “သင်္ကန်းကိုးထည်”
အတွင်းက တစ်ထည်ထည်သော သင်္ကန်းသာဖြစ်တယ်။
ဒါကြောင့်ဦးသုဇာတရဲ့ အမေးကို ဖြေရလျှင် “ဝဿဝါသိက ခေါ်တဲ့ ဝါဆိုသင်္ကန်း” ဟာ ဘုရားရှင်
လက်ထက်တော်ကာလကသာဝတ္ထိပြည် စစ်ထွက်ခါနီး အမတ်ကြီး စတင် လှူဒါန်းသည်ကို အကြောင်းပြု၍ ဘုရားရှင် ခွင့်ပြုတော်မူပါတယ်လို့ ဖြေဆိုလိုက်ပါတယ်ကွယ်။”
ပုညအလင်း မှကူးယူဖော်ပြပါသည်။
ဗုဒ္ဓဘာသာ ပြန့်ပွားရေးနှင့် လူငယ်များဘာသာတရားတန်ဖိုးထားနိုင်ရန် ရည်ရွယ်ပါသည်။....
Friday, July 24, 2015
Tuesday, January 27, 2015
သရဏဂုံ
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွန်ုပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။
ကျွန်ုပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။
ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။
"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"
"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"
သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။
လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွန်ုပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွန်ုပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွန်ုပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။
ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။
"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွန်ုပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်သင်္ချိုင်းမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"
"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွန်ုပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွန်ုပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွန်ုပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွန်ုပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -
"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။
အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွန်ုပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။
နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွန်ုပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။
ကျွန်ုပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွန်ုပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊ ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွန်ုပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
လို့ သရဏဂုံဆောက်တည်ရင်းပဲ ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွန်ုပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွန်ုပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွန်ုပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။
မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။
BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။
ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊
ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသောအရဟတ္တဖိုလ်ဥာဏ်သည် ဘယ်လိုအကြောင်း ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။ မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။
စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ။
အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )
www.dhammayaungchi.com
Credit By Buddhism Beams (Myanmar)
Subscribe to:
Posts (Atom)

