Monday, July 25, 2016

ပြင်ရခက်တဲ့အမှား



ပြင်ရခက်တဲ့အမှား
********************
ဝန်ချတောင်းပန်တာဟာ အပြစ်ကြေသွားတာ ဒီလိုပြောတာမဟုတ်ဘူးနော်၊ဒါ Confession လုပ်တာလို့ခေါ်တယ်၊ Confession-လုပ်တာဟာ အပြစ်တွေ ပြေသွားတာ ဒီလိုပြောတာမဟုတ်ဘူး၊ မှားခဲ့တဲ့အမှားက အမှားပဲ၊လုပ်မိပြီးသားက လုပ်မိပြီးသားပဲ။ဒါကိုပြင်တာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။ကိုယ်လုပ်ခဲ့အမှားဟာ ပြင်မရတဲ့အမှားပဲ၊What's done, cannot be undone ဆိုသလိုပေါ့၊ What's done-လုပ်ခဲ့တဲ့အရာတစ်ခုဟာ Cannot be undone- မလုပ်ဘူးလို့ ဖြစ်အောင် လုပ်လို့မှ မရတာ။လုပ်ပြီးသားဟာ လုပ်ပြီးသားလေ ပြင်လို့မရဘူး။ပြင်လို့မရတဲ့အမှား၊ဘယ်အရာပဲ ဖြစ်ဖြစ် လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ။သို့သော် သြကာသ ကန်တော့ကျိုးနဲ့ ကန်တော့ပြီးတော့ တောင်းပန်ရင် တစ်ချို့ကပြေတယ်လို့ထင်တယ်၊ဒီအပြစ်တွေ ပျောက်သွားတယ်လို့ထင်တာ။အပြစ်ပျောက်ခြင်းရဲ့ အကြောင်းတရားတော့ဖြစ်တယ်။အရေးကြီးတာဘာလဲဆိုတော့ ဘာကို ကုစားတာလဲဆိုတာသဘောပေါက်ဖို့ လိုတယ်။အဲ့လိုမဟုတ်ရင် ထိပ်-ခေါက်ပြီးမှ တောင်းပန်နေကြမှာပဲလေ။ထိပ်ခေါက်တာခေါက်ပြီးနေပြီလေ။ထိပ်-ခေါက်ပြီး တောင်းပန်လိုက်ကျေတယ်လို့ ဒီလိုထင်နေကြတာမဟုတ်ဘူး၊ အပြစ်က ဖြစ်သွားပြီ။ဖြစ်သွားတဲ့ အပြစ်ကို ပြင်တာလားဆိုတော့ မဟုတ်ဘူး။
အကုသိုလ်က နှစ်ခုရှိတယ်လို့မှတ်၊အာရမ္ဘဇ - လုပ်လို့ဖြစ်တဲ့ အကုသိုလ်ကတစ်ခု၊ အဲဒီ လုပ်ထားတဲ့ အကုသိုလ်ပေါ်မှာ စိတ်ထဲမှာ တပူပူ တနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်ပြီး သောကရောက်နေတာဟာ ဝိပ္ပဋိသာရဇ ၊ တောင်းပန်တယ်ဆိုတာက အဲ့ဒီ ဝိပ္ပဋိသာရဇ -ဆိုတဲ့ အကုသိုလ်ကို ဖယ်တာ၊စိတ်ထဲမှာ ကြည်သွားပြီ တောင်းပန်လိုက်ပြီဆိုတဲ့ အခါမှာ အကုသိုလ်က ဆက်မပွားတော့ဘူး၊လုပ်ပြီးသားက ပြင်လို့မရဘူး။နောက်ထပ် ထပ်ဖြစ်နေမယ့်အရာကိုတားတယ်။ဒီသဘောပဲ။အကိုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထား။လုပ်လို့ ဖြစ်တဲ့ အကုသိုလ်ကတစ်ခု- အဲ့ဒါကပြင်လို့ မရဘူး၊ဖြစ်ပြီးသားက ဖြစ်ပြီးသားပဲ၊ပြင်တာကဘာလဲဆိုတော့ အဲ့ဒီအပေါ်မှာ စိတ်ပူနေတာကို မပူရအောင်လို့ တောင်းပန်လိုက်တဲ့အခါမှာ လူတွေဟာ စိတ်ထဲမှာ အေးချမ်းသွားတယ်၊အဲဒီအေးချမ်းသွားမှုကို ဖြစ်စေတာကို ဆိုလိုတာဖြစ်တယ်၊အဲဒီတော့ တောင်းပန်ခြင်းက အကျိုးမရှိဘူးလားလို့ မေးလို့ရှိရင် တစ်ပိုင်းကအကျိုးရှိတယ်၊Confession -ဘာတုန်းဆိုတော့ စိတ်မပူတော့ဘူး၊ငါတောင်းပန်ပြီးပြီ၊စိတ်နှလုံးအေးချမ်းသွားပြီ၊အဲဒီတော့ အဲ့ဒီနောက်မှာ ကိုယ်ဆက်လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်၊ဘာတွေလဲဆိုတော့ တောင်းပန်ပြီးတဲ့နောက်မှာ “အာယတိံ သံဝရံ အာပဇ္ဇတိ“ နောက်ထပ် မလုပ်တော့ပါဘူးဆိုတဲ့ ဝန်ခံကတိ၊Promise -ပေးရတယ်။ဘယ်တော့မှ ဒီအမှားမျိုးကို မကျူးလွန်တော့ပါဘူးဆိုပြီးတော့၊
ကျူးလွန်ခဲ့တဲ့အမှားကို နောင်တရပြီးတော့ ဒီအမှားကို ပြင်တယ်။ကောင်းတာတွေချည်းပဲ ဆက်လုပ်တယ်။ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်လုပ်ခဲ့တဲ့အမှားတစ်ခုကို ထပ်မလုပ်တဲ့အတွက်ကြောင့် အမှားကတော့ အမှားအတိုင်းပဲ ရှိတယ်။သို့သော်ကောင်းတာတွေကို ဆက်လုပ်သည့်အတွက်ကြောင့် အမှားဟာ Isolated ဖြစ်သွားတယ်။သူ့ကို ကောင်းတာတွေနဲ့ ရံပတ်ထားတဲ့အခါ သူ့ကို ဖွင့်မရတော့ဘူးလို့ ဒီလိုပြောတာနော်။ပျောက်သွားတာလို့ ပြောတာမဟုတ်ဘူး။အေး တော်ကြာကြတော့ ဒူးလေးထောက်ပြီးတော့ ခွင့်လွှတ်တော်မူပါဆိုတာနဲ့ အကုန်လုံး ခွင့်လွတ်သွားတယ်မထင်နဲ့။ဒီလိုပြောတာ မဟုတ်ဘူး၊လွတ်သွားတာ ဘာလွတ်သွားတာလဲဆိုတော့ ဒီအတွက် စိတ်ပူပြီးတော့ ဖြစ်နေတဲ့ အကုသိုလ်တွေ လွတ်သွားတာ။နောက်ဆုံးမှာ အာယတိံ သံဝရ- နောင်မှာ စောင့်စည်းပါမယ်ဆိုတဲ့ Promise အရတကယ်စောင့်စည်းပြီးမှ နေလို့ ရှိရင် အကုသိုလ်တစ်ပိုင်းကို တားပြီးသားဖြစ်သွားတယ်။တားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကောင်းတာတွေချည်းလုပ်တဲ့အတွက်ကြောင့် ကောင်းတာတွေပဲ၊Chance ရပြီးတော့ မကောင်းတာတွေ Chanceမရဘူးဆိုတဲ့ အဓိပ္ပာယ်၊သူအကျိုးပေးဖို့ အခွင့်သာမှ ကံဆိုတာ အကျိုးပေးလို့ ရတာ။အခွင့်မသာရင် မရတော့ဘူး။ ဒါမျိုးကို ဆိုလိုတယ်လို့၊ တောင်းပန်တယ်ဆိုတာ အဲဒီလို အဓိပ္ပာယ်ရတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဟောကြားတော်မူသောပြင်ရခက်တဲ့အမှား တရားတော်မှ
‪#‎AshinNandamalabhivamsa‬
ပြာသို နှင့် ကိုကျော်သင်း စာမျက်နှာမှတဆင့်ဖေါ်ပြပါသည်။

စိတ်ရဲ့ထွက်ပေါက်


စိတ်ရဲ့ထွက်ပေါက်
လူတွေမှာ တစ်ဦးနဲ့ တစ်ဦး အဆင့်အတန်းချင်း မတူတဲ့သူတွေ အတူတူ နီးနီးကပ်ကပ် နေလာကြပြီဆိုလို့ ရှိရင် သူ့ ရှိရင် ငါလည်းရှိရမယ် ဆိုတဲ့အတွေးမျိုးကရှိတယ်ပေါ့။ သူဘယ်လိုနည်းနဲ့ စီးပွားဖြစ်ပြီး ကားစီးနိုင်သလဲ၊ ဒီအိမ်နဲ့ နေနိုင်သလဲ၊ ငါရောဘယ်လိုလုပ်ရမလဲ၊ တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါကြီးပွားလိုတဲ့စိတ်လို့ ပြောလို့ ရတာပေါ့၊ သို့ သော်ဒါတွေဟာ Emotion တွေဖြစ်လာတယ်၊ စိတ်ဓာတ်ရေးရာကျတော့ သူက တကယ့်ကို လေလှိုင်းတွေထန်လာသလို ရင်ထဲမှာ မုန်တိုင်းလို ဟာမျိုးတွေဖြစ်လာတယ်ပေါ့။
ဒါက လူ့ စိတ်ကိုလှုပ်ရှားစေတယ်၊ လှုပ်ရှားတဲ့အတွက်ကြောင့် လောဘတွေက ကြီးသည်ထက်ကြီးလာတယ်၊ လောဘကြီးလာတော့ လိုဘမပြည့်ဘူး၊ မှီအောင်မလိုက်နိုင်ဘူး၊ရတဲ့နည်းနဲ့ လုပ်မယ်ဆိုတဲ့စိတ်တွေ၊ ကောင်းတာ မကောင်းတာ မစဉ်းစားတော့ဘူး၊ မကောင်းတဲ့နည်းနဲ့ လည်းစီးပွားရှာမယ်ဆိုတဲ့ စိတ်တွေဖြစ်လာတဲ့အခါ ရှာတိုင်းလည်းမရဘူးဆိုတဲ့အခါ ဘာလာတုန်းဆိုတော့ ဒေါသ တွေနောက်ကလာတယ်၊ Stress ဆိုတာအဲဒါ။
ဒီကနေ့ ခေတ် မြန်မာပြည်မှာ ဗုဒ္ဓတရားတော်ကိုနာယူမှတ်သားပြီး ပွားများအားထုတ်ခွင့်ရနေတဲ့ ပုဂ္ဂိုလ်တွေဟာ Stress ကို Reduce လုပ်နိုင်ကြတယ်၊ မြန်မာပြည်က လူတွေက သင်္ခါရ သဘောတရားတွေဆင်ခြင်စဉ်းစားတတ်တယ်၊ တစ်နေ့ ကျတော့ ဒါတွေဟာထားခဲ့ရမှာ၊ တကယ်ကတော့ အကျိုးမရှိဘူးဆိုတာကို မြန်မာလူမျိုးတွေဟာကြားဖူးနားဝနဲ့ တော်တော်လေးနှလုံးသွင်းတတ်တယ်ပေါ့၊ အဲဒီလိုနှလုံးသွင်းတတ်သည့်အတွက်ကြောင့်နိုင်ငံခြားတိုင်းပြည်ကလူတွေလို Stress အလွန်ကြီး မများဘူးလို့ ယူဆလို့ ရပါတယ်၊ မြတ်စွာဘုရားရဲ့အဆုံးအမကြောင့် Stress ဟာ ဒီလောက်မများဘူး၊ အပြုံးမပျက်နေနိုင်ကြတယ်၊ တစ်ဦးနဲ့ တစ်ဦးယှဉ်ပြိုင်မှုတွေက ဒီလောက်ကြီးဆိုးဆိုးရွားရွားမရှိဘူး၊ နေနိုင်ကြတယ်၊အဲဒီလိုနေနိုင်တာဟာ ဗုဒ္ဓတရားတော်တွေရဲ့အကျိုးကျေးဇူးတွေပဲ၊စိတ်ရဲ့ထွက်ပေါက်တွေ မြန်မာလူမျိုးတွေမှာရှိနေကြတယ်ပေါ့။
အဲဒီစိတ်ထွက်ပေါက်ကဘာလဲဆိုရင် "အို တစ်နေ့ ကျ တော့ ဒါတွေက အကုန်ထားခဲ့ရမှာ ဆိုတဲ့အတွေး" ဟာလဲစိတ်ရဲ့ထွက်ပေါက်ပဲ၊သာမန်ကြည့်ရင်ဒီအတွေးလေးဟာ အသုံးမကျဘူးလို့ ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ဘူး stress ကိုထွက်ပေါက်ပေးနိုင်တဲ့အနေအထား၊ တခြားနိုင်ငံက လူတွေ ဗုဒ္ဓရဲ့တရားတော်ကို မကြားဖူးတဲ့လူတွေက ဒီလိုအတွေးမျိုးလုံးဝမရှိဘူး။
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားသော ပါရာယန တရားဒေသနာမှ

Friday, March 11, 2016

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ...

 

ဖြေ ။ လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်။ ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်။

ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။ ၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် ) ၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ ) ၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ ) ၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) ၁၀။ ၀ံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ ) အထက်ပါ အသားကြီး ဆယ်မျိုးက လွတ်တဲ့ ကြက်သား ၀က်သားစတာတွေမှာလဲ အစွန်းသုံးပါး လွတ်ရင် ဘုန်ပေးနိင်တယ် လို့ ခွင့်ပြုထားခဲ့တယ်။ အစွန်းသုံးပါး ဆိုတာက - ၁။ ဒိဋ္ဌမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊ ၂။ သုတမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊ ၃။ ပရိသင်္ကိတ မံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာ၊ တွေကို မဘုန်းပေးကောင်းပါဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ သင့်လျော်တဲ့ ဆန္ဒရှိတဲ့ရဟန်းတော်တွေ စားလိုက စားနိုင်တယ်၊ မစားပဲ နေလိုက နေနိုင်ပါတယ် လို့ ကရုဏာတော်နဲ့ ခွင့်ပြုတော်မူခဲ့တယ်၊ လူတွေမှာတော့ ကိုယ်တိုင် မသတ်ရင် စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အာဟာရက တရားထူးရဖို့ ကျေးဇူးပြုပုံကတော့ 
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းတော် အပါး ( ၆၀ ) ဟာ မြတ်စွာဘု၇ားဆီက ကမ္မဋ္ဌာန်းတောင်းပြီး သာဝတ္ထိနဲ့ ဝေးလံတဲ့ တောရွာတရွာမှာ ၀ါဆိုခဲ့ကြတယ်၊ အဲဒီရွာက ဒကာမကြီးတယောက်ကလဲ သိပ်ကြည်ညိုလွန်းလို့ အစစအရာရာ လှူဒါန်းပေးတယ်၊ တနေ့တော့ ကိုယ်တော်တွေ တရားအားထုတ်နေတာကို ကြည့်ပြီး တပည့်တော်လဲ အားထုတ်လို့ ရနိုင်ပါသလား လို့ မေးလိုက်တာ ရနိုင်တယ် ဆိုတာနဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းတောင်းပြီး အချိန်ပြည့် အားထုတ်နေသတဲ့၊ မကြာခင်မှာပဲ ဒကာမကြီးက သုံးမဂ် သုံးဖိုလ် ဆိုက်ပြီး လောကီ ဈာန် အဘိညာဉ်နှင့်တကွ အနာဂါမ်အရိယာ ဖြစ်သွားတယ်၊ တရားထူးရတာနဲ့ တပြိုင်နက်ထဲ  " ငါ့ သားတော်တွေ ငါ့လို တရားထူး ရနေကြပြီလား - ဘယ်လို အဆင့် ရောက်နေကြပြီလဲ " လို့ ကြည့်လိုက်တော့ အားလုံး ဟာ ပုထုဇဉ်တွေပဲ ရှိသေးတာကို အဘိညာဉ်နဲ့ မြင်တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်၊ ဘယ်လိုတွေကြောင့် တရားထူးမရနိုင်ကြတာလဲ လို့ ဆက်လက်ဆင်ခြင်ကြည့်ပြန်တော့  သေနာသန သပ္ပါယ - နေရာထိုင်ခင်း အအေး အပူ ရာသီဥတု တွေတော့ မျှတကြပါတယ်၊   ပုဂ္ဂလ သပ္ပါယ - တပါးနဲ့ တပါး လည်းပဲ အမျက်ဒေါသ စတာတွေမရှိပဲ ချစ်ချစ်ခင်ခင် နေကြ မျှတကြပါတယ်၊ ဘောဇန သပ္ပါယ - စားသုံးနေရတဲ့ အာဟာရကတော့ မမျှတကြဘူး၊   ဒီနေ့ အချဉ်လေး စားချင်တဲ့ ဆန္ဒရှိပေမယ့် အချဉ်ကို မစားရဘူး၊ အချိုကို တောင့်တပြန်တော့ အစပ် အခါး အရသာရှိတဲ့ ဟင်းတွေ ကို စားရပြန်တယ်၊ ဒီလိုနဲ့ စားချင်တာက တခြား စားနေရတာက တမျိုး ဆိုတော့ မမျှတဘူး ဖြစ်နေတယ်၊ အဘိညာဉ်နဲ့ ဆင်ခြင်ပြီးတဲ့ နောက်နေ့မှာတော့ ရဟန်းအပါး ၆၀ ဆန္ဒ ရှိနေကြတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် ဟင်းလျာ မှန်သမျှကို စီစဉ် ဆက်ကပ် ပြီး အရှင်ဘုရားတို့ အလိုရှိသမျှ လိုအပ်သလောက် ဘုန်းပေး သုံးဆောင်တော်မူကြပါဘုရား ဆိုပြီး လှူဒါန်းခဲ့သတဲ့၊ ရဟန်းဘ၀ ဆိုတာကလဲ သပိတ်ထဲ ရောက်လာတာ လောင်းလှူလိုက်တာကိုပဲ ဘုန်းပေးနေကြရတာကိုး၊ ဂျီးများလို့ မရဘူးပေါ့၊ ဟင်းချို ပူပူလေး သောက်ချင်ပေမယ့် လှူတဲ့သူက အေးတိအေးစက် လှူပြန်ရင် သပ္ပါယ မဖြစ်ပြန်ဘူး ၊ ဒါကြောင့်လဲ ရဟန်း ဆိုတဲ့ အဓိပ္ပါယ်ကို  (ဘိက္ခတိ ယာစတီတိ ဘိက္ခု ) -  တောင်းရမ်း အလှူခံပြီး အသက်မွေးရတဲ့ ဘ၀မို့ ဘိက္ခု ခေါ်သတဲ့၊  နောက်တမျိုးက ( ပရဒတ္တူပ ဇီဝီ )- သူတပါး ဆိုတဲ့ ဒကာ ဒကာမတွေအပေါ်မှာ မှီပြီး အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေ လို့ ဆိုပြန်သေးတယ်၊  ...  ဒါက ထားပါတော့ - ဒီနောက်မှာ လိုအပ်တဲ့ အစာ အာဟာရကို သုံးဆောင်ပြီး ဘောဇန သပ္ပါယ မျှတနေကြတဲ့ ရဟန်းတော်တွေဟာ တရားအားထုတ်လိုက်တာ သမာဓိတွေ အဆင့်ဆင့် တက်ကာ တည်ကြည်ပြီး အပါး ( ၆၀ ) လုံး ပဋိသမ္ဘိဒါ လေးပါး ဈာန် အဘိညာဉ်အားလုံးနှင့်တကွ ရဟန္တာ ဖြစ်သွားကြတယ်၊
ရဟန္တာဖြစ်ကြတာနဲ့ တပြိုင်နက်ထဲ အဘိညာဉ်နဲ့ ဆင်ခြင် ကြည့်ပြန်တော့ --
 " အော် -- ငါတို့ အားလုံးရဲ့ မယ်တော်ကြီး မာတိက မာတာ ဟာ ငါတို့ အပေါ်မှာ သိပ်ပြီး ကျေးဇူးများတာပဲ၊ သူရှိနေလို့သာ ငါတို့ တရားထူးရနိုင်ပေတယ် "- လို့ ကျေးဇူးကို မြင်တော်မူကြပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၇သတဲ့။
ဒီနေရာမှာ အကယ်၍များ တရားအားထုတ်နေသူအားလုံးအတွက် လိုအပ်တဲ့ ဘောဇန သပ္ပါယ ကို မရခဲ့လျင် တရားထူး မရနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊ အသားငါးတွေ ကို ရှောင်ကြဉ်ဖို့ စွဲကိုင်နေလျင် ထိုရဟန်းတော်များ ရဟန္တာဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဒါကြောင့်လဲ ယခုအခါ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများက ဘုန်းကြီး ၇ဟန်းတော်များကို ဆွမ်းကပ်သည့်အခါ ချို ချဉ် စပ် အခါး၊ အဖန် အရသာ စသည်ဖြင့် သစ်သီးဝလံ ခဲဖွယ်ဘောဇဉ် စုံစုံလင်လင် ဆက်ကပ်နေကြသည်ဟု စာရေးသူက ထင်မြင်မိပါတယ် ။   ( အရှင်သုနန္ဒာလင်္ကာရ )           ......................................................................................................
မစားသင့်သော အသားကြီးဆယ်မျိုး နှင့်  အစွန်းသုံးပါးလွတ်သော အသားငါး အကြောင်းဖော်ပြပြီဖြစ်၍ အောက်ပါအဖြေတွင် အဆိုပါအကြောင်းအရာများကို ဖြတ်နုတ်ထားပါကြောင်း ... 
ဖြေ ။ တလောကလုံး သက်သတ်လွှတ်စားပါ ဆိုရင်လဲ မဖြစ်နိုင်သလို၊ အားလုံး အသားတွေ စားကြပါလို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။ စားသူစား ရှောင်သူရှောင်မှာပေါ့။ တပြည်းတည်း မဖြစ်နိုင်ပါဘူး။ ရှောင်တယ်ဆိုရင်လဲ သတ္တ၀ါတွေ ငါ့ကြောင့် မသေစေပါနဲ့ နင်တို့အသားကို ငါမစားတော့ဘူး ဆိုပြီး မေတ္တာစိတ်နဲ့ ရှောင်ရင် မေတ္တာစိတ်ကြောင့် ကုသိုလ်ဖြစ်ပါတယ်။သိပ်အသား စားကျူးလွှန်းရင်တော့​ ရောဂါများတတ်တယ်။ မတတ်သာလို့ စားတယ်ဆိုရင်လည်း ခန္ဓာကိုယ် မျှတကျန်းမာစေဖို့ ဆိုတဲ့စိတ်နဲ့ စားသင့်တယ်။ တဏှာလောဘဇောနဲ့ မစားသင့်ဘူးပေါ့။ ဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမထားတာ မှတ်သားစရာ သိပ်ကောင်းတယ် … ဒီလိုပါ အသားစားရင်လဲ ဥပမာ တစ်ခုပေးထားတယ်။
ကန္တာရ တစ်ခုကို ခရီးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ သားငယ်တစ်ယောက်။ လမ်းမှာ သားငယ်က ဆုံးသွားတယ်။ စားဖို့ ရိက္ခာတွေလည်း မရှိတော့ သူတို့ သားငယ်ရဲ့ အသားကို လှီးဖြတ်ယူပြီး အခြောက်လှမ်းကာ စားဖို့ ရိက္ခာအတွက် ယူဆောင်လာရတယ်။ အဲဒီ လင်မယားနှစ်ယောက် ထမင်းဆာလို့ သူတို့ သားငယ်ရဲ့ အသားကို စားတဲ့အချိန်မှာ တဏှာလောဘနဲ့ စားပါ့မလား ရဟန်းတို့ လို့ ဘုရားကမေးတော့ ရဟန်းတော်တွေက (မစားပါဘုရား) လို့ဖြေတယ်။ ဟုတ်တယ် သူတို့လင်မယား အသားကို စားတိုင်း မျက်ရည်လည်ပြီးတော့ မတတ်သာလို့ သူတို့သားငယ်ရဲ့ အသားကို စားကြတယ်။ အဟာရဖြစ်ဖို့သာ စားကြတာတဲ့။
ဒါကြောင့် စားရင် တဏှာလောဘနဲ့ မစားဖို့ အရေးကြီးတယ် လို့ဖြေပါရစေ။ အသားစားတဲ့သူကို လူစိတ်မရှိတဲ့သူတွေ ဘီလူးတဘက်တွေ ဆိုပြီး မစွပ်စွဲသင့်သလို သက်သတ်လွှတ် စားတဲ့သူတွေကိုလည်း နွားတွေ ကျွဲတွေလည်း သက်သတ်လွှတ်ပဲစားတယ် ဆိုပြီး မစွပ်စွဲသင့်ပါဘူး။ စိတ်ထားတတ်ဖို့ အသိတရား ရှိဖို့ အရေးအကြီးဆုံးပါ။
သတ်သတ်လွတ်စားခြင်းဖြင့် အကျိုး ရှိ ၊ မရှိ
အထူးသဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်စေပါတယ်။ ခန္ဓာကိုယ်အနံ့အသက် သိပ်မနံဘူး အသားစားများတဲ့ အက်စကီးမိုးလူမျိုးတွေဟာ အသက်တိုကြတယ်။ သူတို့ရဲ့ ပျှမ်းမျှအသက် ၃၅ လောက်ပဲရှိတယ်။ အသားစားများလို့ ဆိုပြီး သုတေသနတွေ ကောက်ချက်ချတယ်။ …ဒါပေမယ့် ကိုယ်က သက်သတ်လွှတ်စားပြီး မစားတဲ့သူတွေကို အထင်သေးအမြင်သေးတာမျိုးတော့​ မဖြစ်သင့်ဘူးထင်တယ်။ အသားလျှော့စားတာတော့ ကောင်းပါတယ်။ အသီးအရွက်တွေကို များများစားပေးရင် ပိုကောင်းတယ်လို့ ဆေးသူတေသနတွေ ကောက်ချက်ချကြတယ်။
 (အရှင်စ၀်ဆုခမ်း) 
........................................................................................................
နောက်ပြီ တချို့ဆရာတော်ကြီးတွေရဲ့တရားရိပ်သာတွေမှာ သက်သက်လွတ်ပဲစားကြရတဲ့ အကြောင်းရင်းကတော့ တရားနာပရိတ်သတ် နှင့်  ယောဂီများမှာ ရာချီထောင်ချီ ရှိကြတယ် ဆိုတော့ တစ်နေ့တစ်နေ့ အသားငါးများကျွေးမွေး ရမည်ဆိုလျှင် တရွာလုံးမှာရှိတဲ့ အသားငါးများသတ်ဖြတ်ရုံပါမက အခြားရွာမှလည်း မာယူနေကြရမည်ဖြစ်သောကြောင့်သာလျှင် သက်သက်လွတ်စားခြင်းဖြစ်သည်။ (အရှင်ဇဝန) ..............................................................................
အဆုံးသတ်ရမည်ဆိုလျင် ... 
ဟင်းသီးဟင်းရွက်တွေကို ပိုးမွှားများမတက်ရအောင် ပိုးမထိုးရအောင် ဆေးများဖြန်းယူကြရတယ်၊ ဖျားနာရင်လည်း ဆေးများသောက်သုံးနေကြရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့်လည်း သက်သက်လွတ်ဖို့ဆိုတာခဲရင်းကြောင်းပါ။ အဒီက တော့ အစွန်းမရောက်ဖို့ပါပဲ၊ မျှတတဲ့ အလယ်အလတ် (မဇ္ဈိမ ပဋိပဒါ ) လမ်းစဉ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

အရင်က လုပ်ခဲ့လို့ အခုလုပ်စရာမလိုတော့ဘူးလား....




ကျွန်တော်များ ဗုဒ္ဓဘာသာဝင်အများစုတွင် မှားယွင်းနေသော အယူအဆ ပေါင်းများစွာရှိနေပါသည်။
နတ်ကိုးကွယ်သူ၊ ဘိုးတော်ကိုးကွယ်သူ၊ သိုက်ကလာတဲ့သူ၊ စတဲ့အမျိုးမျိုးသော အယူလွဲနေမှုများအား
တွေ့မြင်ဖူးပါသည်။ထိုသို့ အယူလွဲနေကြသူများအား သုံးသပ်ကြည့်သည့်အခါ လောဘကြောင့် ကိုးကွယ်
ကြသူ ဒေါသကြောင့်ကိုးကွယ်ကြသူ မောဟကြောင့်ကိုးကွယ်ကြသူများသာ ဖြစ်ကြောင်းတွေ့ရပါသည်။
ဥပမာ ဟိုနတ်ကိုပူဇော်လိုက် လာဒ်ရွှင်တယ် ဒီနတ်နဲ့တိုင်တည်လိုက် စီးပွားတက်တယ် မကြေနပ်တာရှိရင်
ဟိုနတ်နဲ့တိုက်လိုက် ဆိုတာမျိုးပေါ့။အဲ့ဒိလိုအယူရှိနေသေးသမျှတော့ သူ့ရဲ့စိတ်လည်း အေးချမ်းမှုမရှိနိုင်ဟု
ထင်မိပါသည်။နောက်ထပ် အယူလွဲနေတာတစ်မျိုးရှိနေပါသေးသည်။ ဟိုးအရင်က ဘုရားတရား အလွန်လုပ်
ခဲ့ပြီး အခုကျန်နေသေးတဲ့အချိန်မှာတော့ အရင်လိုမလုပ်ဘဲ နေလို့ရသည်ဟုထင်မြင်နေခြင်းပါ။
ယင်းထင်မြင်ယူဆချက်ဟာ လုံးဝမှားတယ်လို့ပဲ ထင်မိပါသည်။ အရင်ကလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်
သည် လုပ်ခဲ့သည်နှင့် အညီကုသိုလ်အကျိုးရှိလိမ့်မည်ဖြစ်သည်။အရင်က ကောင်းမှုကုသိုလ် အရမ်းလုပ်ခဲ့လို့
အခု မကောင်းမှုအကုသိုလ်အလုပ် လုပ်မယ်ဆိုရင် ပြုမိသည့် မကောင်းမှုရဲ့အကုသိုလ်အကျိုးဆက်ကတော့
ခံရမည်ဖြစ်ပါသည်။
ဥပမာ အရင်ကထမင်းစားခဲ့လို့ အခုထမင်းမစားတော့ရင် အဟာရပြတ်ပြီးအသက်ဆုံးဖို့ပဲရှိပါတယ်။
ဒါကြောင့် အရင်ကဆိုတဲ့အတိတ်ကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်တိုင်းကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့
လိုပါတယ်။ကုသိုလ်တရားတွေနဲ့ပြည့်နေတဲ့ ပစ္စုပ္ပန် ကိုတည်ဆောက်နိုင်ကြပါစေကြောင်းဆုတောင်းရင်း
ကျွန်တော့်အမြင်သက်သက်သာဖြစ်လို့ အမှားများစွာပါနိုင်ပါသည်။
                                                                                                   PK(လယ်ဝေး)
 


သင်္ကန်းအကြောင်းသိကောင်းစရာ

 

သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ၀တ်ရုံတော်မူသည့်သင်္ကန်းသည် လူဝတ်ကြောင်များဝတ်ကြသော အ၀တ်အစားများနှင့်မတူပါပေ။ ကမ္ဘာ့ကမ္ဘာကြာမှ ပေါ်လာသည့် အရဟတ္တဓဇ (ရဟန္တာတို့၏တံခွန်) သင်္ကန်း ဖြစ်၏ ။ (ပုံပါအတိုင်းကြည့်ပါ)၊ အတွင်းပိုင်းတွင်(၅)ပိုင်း ( ၎င်းတို့ကိုလယ်ကွက်ပုံဖေါ်ထားသည် ) အနားပတ် အလျား(၂)စ၊ အနံ(၂)စ၊ စုစုပေါင်း အစ(၉)စ ရှိ၏၊

၎င်းသင်္ကန်းကို ၀တ်ရုံထားကြသည့် သံဃာတော်များသည် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဆိုတဲ့ “ လူ နတ် ဗြဟ္မာသတ္တ၀ါတို့၏ ကောင်းမှုမျိုးစုံစိုက်ပျိုးရာ လယ်ယာမြေကောင်းလည်း ဖြစ်ပေ၏ ” ဟူ၍ လာ၏။




မဟာဝါပါဠိတော်မြန်မာပြန်၌
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူစဉ်
 လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏လယ်ကို မြင်တော်မူ၍အရှင်အာနန္ဒာကို

“ အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်၏လော ” ဟု မိန့်တော်မူ၏။ “ မြင်ပါသည် အရှင်ဘုရား ”  ဟု (လျှောက်၏) ၏

“ အာနန္ဒာ သင်သည် ရဟန်းတို့အား ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှာ စွမ်းနိုင်ပါမည်လော ” ဟု( မေးတော်မူ၏) ။

“ စွမ်းနိုင်ပါသည် အရှင်ဘုရား ”  ဟု (လျှောက်၏) ။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် တဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရား ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို

“ ဘုန်းတော်ကြီးသော အရှင်ဘုရား တပည့်တော် စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မုပါ ”  ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို

 " ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ကြီးသော ပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့် သိဘိ၏၊ အနားပတ်(အနုဝါတ) ၊ တလုပ်မြောင်းရှည် (ကုသိ) မည်သည်ကိုလည်း ပြုဘိ၏၊ တလုပ်မြောင်းငယ်(အဍ္ဎကုသိ) ကိုလည်း ပြုဘိ၏၊ အိမ်ဝန်းကြီး(မဟာမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အိမ်ခွဲ(အဍ္ဎမဏ္ဍလ) ကိုလည်း ပြုဘိ၏၊ အလယ်ခေါင်(၀ိဝဋ္ဋ)ကိုလည်း ပြုဘိ၏၊ ခေါင်ရံ(အနုဝိ၀ဋ္ဋ)ကိုလည်း ပြုဘိ၏၊ လည်ထိရာခံသော အနားပတ်(ဂီဝေယျက) ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာခံသော အနားပတ်(ဇင်္ဃေယျက) ကိုလည်း ပြုဘိ၏၊ လက်လိပ်ကိုလည်း ပြုဘိ၏၊ ဖြတ်လည်းဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ရဟန်းတို့အား လျှောက်ပတ်၏၊ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်တို့ ဖြတ်သောဒုကုဋ် ဖြတ်သောကိုယ်ဝတ် ဖြတ်သောသင်းပိုင်ကို ခွင့်ပြု၏ ”

ဟူ၏။ ဓားခွဲဓားဖြတ်ဟုခေါ်ကြ၏။

( မဟာဝါပါဠိတော်မြန်မာပြန်နှင့် မုဒုံမြို့ဦးသြဘာသ၏ ၀ိနည်းဥပဒေတော်ကြီး၌ အကျယ်ကြည့်နိုင်၏ )

Monday, February 29, 2016

ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား.....

 

တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ 

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

( မနာပဒါယီ အရှင်ဝိစိတ္တ )

စိတ်ဆိုးဖို့မဟုတ်ဘူး.....

 
 
 
 
 
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက
သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ
သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက
သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။
နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွတ်တော်တို့ဒီလို တွေးတောနိုင်ခဲ့ကြရင် ကျွန်တော်တို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်တော်တို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
 
Buddhism Beams မှကူးယူဖေါ်ပြပါသည်။